ကျွန်တော်နှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (၃)

Me&NLD-03

ပါတီမှာ ကျွန်တော်ဘာတွေ လုပ်ခဲ့သလဲဆိုရင် တာဝန်ပေးတဲ့ အလုပ်တွေကို စိတ်ရောကိုယ်ပါနှစ်ပြီး သေသေချာချာ လုပ်တာပဲဗျ။

၂၀၁၂ မှာ ပါတီနဲ့ စတင်ထိတွေ့ခဲ့ပေမယ့် ပါတီဝင်တန်း မဖြစ်ခဲ့ပါဘူး။ ကျွန်တော့်ကို ပါတီထဲ ဆွဲခေါ်ခဲ့တဲ့ ကိုဘိုဘိုဦးဆိုရင် သတိရတိုင်း ပါတီဝင်ဖို့ တိုက်တွန်းလေ့ရှိပါတယ်။ ကျွန်တော်ကလည်း ပါတီဝင်ခြင်း မဝင်ခြင်းက အရေးမကြီးပါဘူး။ ပါတီအတွက် အလုပ်လုပ်ပေးနေရဖို့က အဓိကပါလို့ ပြန်ပြောလေ့ ရှိပါတယ်။

ဘာလို့ ချက်ချင်းပါတီမဝင်သလဲဆိုရင် ကျွန်တော့်စိတ်ကိုက အဖွဲအစည်း အသင်းအပင်းတွေကို ဝင်ဖို့ ဝန်လေးလို့ပါပဲ။

ကျွန်တော့်သဘောနဲ့ ကျွန်တော် ဘယ်အသင်းကိုမှ မဝင်ဖြစ်ခဲ့ပါဘူး။ အလုပ်ကြောင့် မဖြစ်မနေ ဝင်ခဲ့ရတာတွေပဲ ရှိပါတယ်။ 

နာဂစ်မုန်တိုင်းကြောင့် ထိခိုက်ခဲ့တဲ့ လယ်သမားတွေကို ကူညီဖို့အတွက် ၂၀၀၉ ခုနှစ်မှာ ကုမ္ပဏီတွေကို အစိုးရက ဆန်အထူးပြုကုမ္ပဏီတွေ ထောင်ခိုင်းပါတယ်။ ဘိုကလေးမြို့နယ်မှာ နာဂစ်ကယ်ဆယ်ရေးတွေ လုပ်နေတဲ့ ကျွန်တော်လည်း တာဝန်ထမ်းဆောင်နေတဲ့ ကုမ္ပဏီကြီးက ဆန်အထူးပြုကုမ္ပဏီထောင်လို့ အလိုအလျောက် အဲဒီဆန်ကုမ္ပဏီရဲ့ မန်နေဂျင်းဒါရိုက်တာ ဖြစ်လာပါတယ်။ မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်ကို တည်ထောင်ကြတော့ ဆန်အထူးပြုကုမ္ပဏီရဲ့ မန်နေဂျင်းဒါရိုက်တာမို့လို့ ဗဟိုအလုပ်အမှုဆောင်အဖြစ် ဆန်အသင်းမှာ ပါဝင်ခဲ့ရပါတယ်။ အသင်းဥက္ကဋ္ဌကတော့ ဧဒင်ဂရု(ပ)ရဲ့ ဥက္ကဋ္ဌ ဦးချစ်ခိုင်ပါ။

ဒီလိုပါပဲ ၂၀၁၀ ခုနှစ်မှာ ဘဏ်အသစ်ကို တည်ထောင်ပြီး ဘဏ်ရဲ့ မန်နေဂျင်းဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ရတော့လည်း မြန်မာနိုင်ငံဘဏ်များအသင်းမှာ အလုပ်အမှုဆောင် ဖြစ်လာပြန်ပါတယ်။ နောက်တော့ တွဲဖက်အတွင်းရေးမှူး(၂) ဖြစ်လာပါတယ်။ တွဲ(၁) က အခု ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးစိုးမင်းဖြစ်ပါတယ်။

တခြားဘာအသင်းမှ မဝင်ခဲ့ဖူးပါဘူး။ စီးပွားရေးလုပ်နေပေမယ့် ကုန်သည်စက်မှုအသင်းချုပ် UMFCCI ကိုတောင် မဝင်ဖြစ်ပါ။ ဒီလိုပဲ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှာ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု မဟာဘွဲ့ကို တက်ရောက်ခဲ့တုန်းကလည်း ကျောင်းသားဟောင်း ကျောင်းသားသစ်တွေ စုဖွဲ့ထားတဲ့ MPAN အသင်းကို မဝင်ခဲ့ပါ။ ခုထိလည်း သူတို့က အသင်းဝင်လို့ ထင်နေပေမယ့် ကျွန်တော်က အသင်းဝင် မဟုတ်ပါ။

ကျွန်တော့်စိတ်မှာ ရှိနေတာက အသင်းတစ်ခုခုဝင်ရင် အသင်းရဲ့တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်ရမယ်။ အသင်းသားတွေနဲ့ အသင်းရဲ့ အကျိုးကိုဖြစ်စေဖို့ အချိန်ပေး အလုပ်လုပ်ရမယ်။ အဲဒီလိုမဟုတ်ဘဲ ဂုဏ်တက်ရုံအတွက်နဲ့တော့ အသင်းအဖွဲ့တွေကို မဝင်ချင်ခဲ့ပါဘူး။

အခုတော့ မြန်မာနိုင်ငံဘဏ်များအသင်းမှာ ဒုတိယဥက္ကဋ္ဌ(၄) အဖြစ် ဘဏ်လောကအတွက် အလုပ်တွေ လုပ်နေပါတယ်။ ဒါကလည်း ကျွန်တော်ဟာ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ် (ယခင်နေပြည်တော်စည်ပင်ဘဏ်) ရဲ့ ဥက္ကဋ္ဌ ဖြစ်နေလို့ပါပဲ။

ဒီလိုနဲ့ ပါတီမဝင်ရသေးဘဲ ပါတီထဲမှာ ပေးတဲ့တာဝန်တွေကို ထမ်းဆောင်ဖြစ်ခဲ့ပါတယ်။

ပထမတော့ အနောက်ပိုင်းခရိုင်ကို သင်တန်းပေးတယ်။ နောက်တော့ ရန်ကုန်တစ်တိုင်းလုံးက အမှုဆောင်တွေကို တော်ဝင်နှင်းဆီမှာ သင်တန်းပေးတယ်။ ဆရာဒေါက်တာဇော်မြင့်မောင်ရဲ့ အဲဒီတုန်းက မဲဆန္ဒနယ်ဖြစ်တဲ့ ကျောက်ပန်းတောင်းမှာ သင်တန်းပေးတယ်။ စသဖြင့် ပါတီတွင်းသင်တန်းတွေကို ဒီမိုကရေစီတွဲလက်များ (D-Hands) ဆိုတဲ့အဖွဲ့ရဲ့ အစီအစဉ်နဲ့ တစ်နိုင်ငံလုံးကို သင်တန်းတွေ ပေးဖြစ်ခဲ့ပါတယ်။

ကချင်၊ ကရင်၊ ကယား၊ မွန်၊ ပဲခူး၊ ဧရာဝတီ၊ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ရှမ်း၊ ရခိုင်၊ နေပြည်တော် စသဖြင့် ဒေသစုံကို သင်တန်းတွေ လိုက်ပေးဖြစ်ပါတယ်။ ပါတီဝင်တွေနဲ့ တွေ့ဆုံခွင့်ရခဲ့သလို ပါတီရဲ့ နိုင်ငံရေးအရ အခြေခိုင်မှုကိုလည်း လေ့လာ သိရှိခဲ့ရတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ နိုင်ငံရေးအရ စုဖွဲ့ထားတဲ့ ပါတီဖြစ်တာကြောင့် နိုင်ငံရေးကို အားသန်တဲ့ ပါတီဝင်တွေ၊ နိုင်ငံရေးကို မဟာဗျူဟာမြောက် အခင်းအကျင်းတွေ ထုတ်ကစားနိုင်တဲ့ ခေါင်းဆောင်တွေ အများအပြားရှိနေတာကိုလည်း တွေ့ရှိခဲ့ရပါတယ်။

ကျွန်တော်ဟာ ပါတီကို ချစ်ခင်လေးစားစွာ ဝန်းရံသူအဖြစ် ပိုမိုခိုင်မာလာခဲ့ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲအတွက် ပြင်ဆင်ကြတဲ့အချိန်မှာ တိုင်းအတွင်းရေးမှူး ကိုထွန်းမြင့်(ယခုဗဟန်းပြည်သူ့လွှတ်တော်) က ဖုန်းဆက်လာပါတယ်။ ရန်ကုန်တိုင်းအောင်နိုင်ရေးအဖွဲ့မှာ ပါဝင်ဖို့ ဆန္ဒရှိသလားလို့ မေးပါတယ်။ ပါတီက တာဝန်ပေးရင် လုပ်ပါ့မယ်လို့ ကျွန်တော်ပြန်ဖြေခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ရန်ကုန်တိုင်းအောင်နိုင်ရေးအဖွဲ့မှာ မြို့မိမြို့ဖအဖြစ် ကျွန်တော့်ကို ထည့်သွငိး တာဝန်ပေးခဲ့ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲကာလမှာ တစ်တိုင်းလုံးကို လျှောက်သွားနေခဲ့တာမို့လို့ အတွေ့အကြုံတွေ အများကြီး ရခဲ့ပါတယ်။ စမ်းချောင်းမြို့နယ်မှာ တရားပွဲလေးတွေ တက်ဟောခဲ့သလို ကျောက်တံတားမြို့နယ်က မကြည်ပြာတို့ စီစဉ်တဲ့ မြို့တော်ခန်းမရှေံ့ တရားဟောပွဲမှာလည်း ဘဘ ဦးတင်ဦး မတက်ရောက်နိုင်တာကြောင့် ဘဘ ကိုယ်စား ဟောပြောခွင့် ရခဲ့ပါတယ်။ အဲဒီနေ့က ကိုမင်းကိုနိုင်တို့ ကိုမြအေးတို့လည်း ဟောပြောကြတာမို့လို့ လူထုနိုင်ငံရေးပညာရပ်ကိုလည်း သင်ယူခွင့် ရလိုက်ပါတယ်။

ရွေးကောက်ပွဲပြီးတဲ့နောက်မှာ အသစ်ပြန်လည်ဖွဲ့စည်းတဲ့ ဗဟိုစီးပွားရေးကော်မတီ၊ ဗဟိုပြန်ကြားရေးကော်မတီတွေမှာ အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ရပါတယ်။

ပါတီကထုတ်ဝေနေတဲ့ ဒီလှိုင်းစာစောင်မှာလည်း စီအီးအိုအဖြစ် တာဝန်ထမ်းဆောင်ရပါတယ်။

ဒီလိုနဲ့ ၂၀၁၉ မှာ စမ်းချောင်းမြို့နယ်ရဲ့ ပါတီဝင် ဖြစ်လာပါတယ်။ ပါတီရဲ့ မူဝါဒတွေအတိုင်း အတွင်းကနေ တာဝန်ထမ်းဆောင်ဖို့လည်း ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲကြီးအတွက် ရန်ကုန်တိုင်းအောင်နိုင်ရေးကော်မတီ ဖွဲ့တဲ့အခါမှာတော့ အဖွဲ့ခေါင်းဆောင်အဖြစ် ပါတီဥက္ကဋ္ဌနဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ကျွန်တော့်ကို တာဝန်ပေးပါတယ်။

တာဝန်ပေးရင် ကျေပွန်ရမယ်ဆိုတဲ့ ခံယူချက်ကြောင့် အလုပ်တွေကို ပိုလုပ်ဖြစ်ပါတယ်။ အလုပ်သမားစိတ်များတဲ့ သူမို့လို့လည်း အလုပ်အသံကြားရင် ရှောင်မနေနိုင်ပါဘူး။

ဒါကြောင့် ဒဂုံမြို့နယ်မှာ ကျွန်တော့် မဲ အောင်နိုင်ရေးတစ်ခုတည်းအတွက်သာ မဟုတ်ဘဲ တစ်တိုင်းလုံးအတွက် အလုပ်တွေ လုပ်နေပါတယ်။

ရန်ကုန်တိုင်းတစ်တိုင်းလုံးက ပြည်သူတွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားနေကြပါတယ်။

ဥပဒေနဲ့ အညီ ကြိုးစားနေကြပါတယ်။

ပြည်သူ့မှတ်ကျောက်အတင်ခံတဲ့ နည်းလမ်းနဲ့ ပြည်သူကို ဆွဲဆောင် စည်းရုံးဖို့ ကြိုးစားနေကြပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုအောက်ကနေ ဦးလည်မသုန် ကျွန်တော်တို့ ကြိုးစားနေကြပါတယ်။

ကျွန်တော်တို့ကို ပြည်သူများက မဲ ပေးကြပါ။