ကျွန်တော့်ကို “မင်းအိုချမ်းသာ” @ “ကိုမင်းအို” လို့ သိတဲ့သူတွေ ရှိပါတယ်။ အပြင်မှာ လူချင်းတွေ့လည်း နှုတ်ကျိုးနေကြလို့ “ကိုမင်းအို”လို့ပဲ သူတို့ခေါ်ကြလေ့ရှိတယ်။
၂၀၀၃ ခုနှစ်လောက်က စလို့ အဲဒီနာမည်နဲ့ အင်တာနက်မှာ စာတွေ ရေးခဲ့ဖူးပါတယ်။ နိုင်ငံရေးဝေဖန်ချက်တွေ ရေးခဲ့တယ်။ ကိစ္စရပ်တွေပေါ်မှာ အမြင်တွေ ရေးခဲ့တယ်။ စိတ်ထဲမှာ အကြည်ဓါတ် ရှိတဲ့နေ့ ရယ်စရာတွေ ရေးခဲ့တယ်။
ဖေ့စ်ဘုတ်မပေါ်ခင်ကတော့ ဖိုရမ်ပေါ့။ မှတ်မိသလောက်က ၂၀၀၈ လောက်အထိ ဖိုရမ်ထဲမှာပဲ စာရေးနေတုန်း။ နောက်မှ ဖေ့စ်ဘုတ်ထဲ ရောက်သွားခဲ့တာ။
အသိမိတ်ဆွေတချို့က ဖေ့စ်ဘုတ်ထဲက စာကို ဂျာနယ်တွေမှာ ဆောင်းပါးအဖြစ် ယူသုံးခဲ့တာတွေ ရှိခဲ့ဖူးပါတယ်။ သတင်းစာတစ်စောင်မှာ ပုံမှန်ရေးဖြစ်သွားတာက ကိုသန့်ကျော်ဇင်နဲ့ ဆရာဦးကိုကို(စက်မှု) တို့ရဲ့ ဆွဲဆောင်မှုကြောင့်ပါ။ ဒီမိုကရေစီတူဒေး သတင်းစာမှာ ပုံမှန်ရေးဖြစ်ခဲ့တယ်။
အဲဒီစာတွေ ပုံနှိပ်မီဒီယာမှာ စပါတော့ မင်းအိုချမ်းသာ နာမည်နဲ့ပါတယ်။ နောက်ပိုင်းတော့ ကိုမင်းအို လို့ ပြောင်းလိုက်တယ်။ မင်းအိုချမ်းသာ ဆိုတာက ဘုရားနာမည် ဖြစ်နေလို့လေ။ အဂါရဝ ဖြစ်နေသလားလို့။
ပထမဆုံး အင်တာနက်ပေါ် စာရေးတော့ minO ဆိုတဲ့ နာမည်ကို ယူတယ်။ မင်းလူ တို့ တာရာမင်းဝေတို့လို အသံရှည်နဲ့ နာမည်ကို ဆုံးချင်လို့။ စသုံးခါစက အင်္ဂလိပ်လို ဖြစ်နေတော့ ကိုမင်းဦး လို့ လာလာခေါ်ကြတယ်။ နောက်ပိုင်း သိသွားကြမှ ကိုမင်းအိုလို့ ခေါ်ခဲ့ကြပါတယ်။
စာတွေရေးဖို့ဆိုတာမှာ စာဖတ်ဝါသနာက အစပဲ ဖြစ်ပါတယ်။ ကျွန်တော်စာတွေ ဖတ်ခဲ့တယ်။ ဘာသာရပ်အတော်များများကိုလည်း စိတ်ဝင်စားခဲ့တယ်။ ၅၅၀ ဇာတ်နိပါတ်တော်ကနေ ရော့စ်ဝဲလ်ဖြစ်ရပ်ဆန်းနဲ့ ဧရိယာ၅၁ အထိ စိတ်ဝင်တစား ဖတ်ပါတယ်။
လေးတန်းလောက်မှာ သိုင်းဝတ္ထုတွေနဲ့ စာဖတ်ခြင်းကို စခဲ့တာပါပဲ။ နောက်တော့ အင်္ဂလိပ်ဘာသာပြန်တွေ ဖတ်တယ်။ အဲဒီကမှ ရသ စာပေဆီကို ရောက်ပါတယ်။ သုတစာပေတွေကိုတော့ ဆယ်တန်းအောင်ပြီးမှ အလုပ်နဲ့ဆိုင်တာတွေ အဖတ်များတယ်။
ဆရာကြီး မင်းသိင်္ခရဲ့ ကျေးဇူးတွေ ကျွန်တော့်အပေါ် ရှိပါတယ်။ သူ့ဇာတ်ကောင်တွေက ကျွန်တော့်ကို လွှမ်းမိုးခဲ့ပါတယ်။ ရဲရင့်တဲ့ ယောက်ျားဆိုတာ ဘယ်လို၊ တည်ကြည်တဲ့ ယောက်ျားဆိုတာ ဘယ်လို၊ သစ္စာရှိတဲ့ ယောက်ျားဆိုတာ ဘယ်လို ဆိုတာတွေကို အဲဒီဇာတ်ကောင်တွေဆီက ရပါတယ်။
ဆရာမောင်စိန်ဝင်း(ပုတီးကုန်း) ဆီကနေတော့ ချစ်တတ်တဲ့ ယောက်ျားတစ်ယောက်ရဲ့ စရိုက်လက္ခဏာတွေကို ရခဲ့ပါတယ်။ ဒီလိုပဲ ချစ်သူမိန်းကလေးပေါ်မှာ ထားတဲ့ ယောက်ျားတစ်ယောက်ရဲ့ စောင့်ထိန်းမှုကို အတုယူခဲ့ပါတယ်။
ဆရာတာရာမင်းဝေဆီကတော့ စူးရှတဲ့ ခံစားချက်တွေကို ရပါတယ်။ ရွှေဖိနပ်မှာအစိမ်းရောင်ကြက်ခြေခတ်နဲ့ကောင်မလေး ကို ကြိုက်တဲ့လူများပေမယ့် ကျွန်တော်က သင်နှင့်နံနက်ခင်းကိုသာ ဝင်ခွင့်ပြုသည် ကို ပိုကြိုက်ခဲ့တယ်။ နက်ရှိုင်းတဲ့ လောကသဘာဝတွေထဲမှာ ရိုးရှင်းစွာ ရှင်သန်ချင်ခဲ့တယ်။
ဆရာကြီးဒဂုန်တာရာ၊ ဆရာမကြီးလူထုဒေါ်အမာ၊ ဆရာမြသန်းတင့်၊ ဆရာနိုင်ဝင်းဆွေ၊ ဆရာမောင်ထွန်းသူ၊ ဆရာကျော်အောင်၊ ဆရာကြီးသိန်းဖေမြင့်၊ ဆရာကြီးဇော်ဂျီ၊ ဆရာကြီးမင်းသုဝဏ်၊ ဆရာပါရဂူ၊ ဆရာချစ်ဦးညို၊ ဆရာကိုတာ၊ ဆရာကျော်ဝင်း၊ ဆရာတော်ဦးဇောတိက၊ ဆရာမဂျူး စသဖြင့် ပြောရင်အများကြီး ရှိဦးမယ်။ ကျွန်တော်စာတွေ ဖတ်ဖြစ်ခဲ့တယ်။
မှတ်မှတ်ရရ စာအုပ်တချို့ကို နာမည်ပြောမယ်လို့ စဉ်းစားကြည့်တော့ စိတ်ထဲပထမဆုံးပေါ်လာတာက ဘသန်း(ဓမ္မိကာ) ဘာသာပြန်တဲ့ ယောနသံဇင်ယော် ဖြစ်နေတယ်။ ပြီးတော့ မြသန်းတင့် ဘာသာပြန်တဲ့ ပါရီကျဆုံးခန်း။ မောင်ထွန်းသူရဲ့ တို့ပိုင်တဲ့မြေ (ဂျွန်စတိန်းဘတ်ရဲ့ Of Mice and Men)၊ မောင်ထွန်းသူရဲ့ ရဲတိုက်(A. J Cronin)၊ လူထုဒေါ်အမာရဲ့ တရုတ်ပြည်ပေါ်ကကြယ်နီ၊
(စာရေးသူနာမည်မှားလို့ဆိုပြီး ထောက်ပြသူတွေရှိတယ်။ ဒီလူတွေကျေးဇူးများပါတယ်။ ကျွန်တော့်စိတ်ထဲ စွဲနေတဲ့ အမှားတွေ ပြန်တည့်လို့ ရသပေါ့။ ခုလည်း လူထုဒေါ်အမာက အမှာပဲ ရေးခဲ့တာ စာအုပ်က ဆရာတင်ထွေးလို့ ဆိုပါတယ်။ မှားတဲ့အတွက် တောင်းပန်လိုက်ပါတယ်။ ဆရာတင်ထွေးရေးခဲ့တယ်ဆိုတာ အခုထိ မမှတ်မိပါ။ တရုတ်ပြည်ပေါ်က ကြယ်နီလို့ ခေါင်းထဲပေါ်တိုင်း လူထုဒေါ်အမာနာမည်ပဲ ဦးနှောက်က ထုတ်ပေးနေတုန်းပါပဲ)
နိုင်ဝင်းဆွေရဲ့ ရေဆန်လမ်း စသဖြင့် စာအုပ်တချို့ကို သတိရမိတယ်။
ဖတ်ပြီးတဲ့အချိန်မှာ လေးစားကြောက်ရွံ့စိတ် ဖြစ်ခဲ့တဲ့ စာအုပ်တချို့လည်း ရှိပါတယ်။ ဗညားသီဟရဲ့ စာပေစစ်တမ်း၊ တက္ကသိုလ်ဘုန်းနိုင်ရဲ့ ခပ်သိမ်းကလျာရှုဖွယ်သာတည့်၊ ဆရာကြီးဦးဝင်းတင်ရဲ့ ကွိ၊ ဆရာဇော်ဂျီရဲ့ ပလေတိုနိဒါန်း။
ဖတ်ပြီး မျက်ရည်ကျခဲ့ရတာက သုမောင်ရဲ့ အချစ်၊ မသီတာ(စမ်းချောင်း)ရဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင်၊ နိုင်ဝင်းဆွေရဲ့ မသိန်းရှင်ဆီပို့ပေးပါ။
ဖတ်ခဲ့သမျှတွေ ပြောရင် ပျင်းစရာကောင်းမယ်။ စာဖတ်တာ ဘဝအတွက် ကောင်းတယ်လို့ပဲ ပြောပါရစေ။
ကျွန်တော့်မှာ ဝါသနာနှစ်ခုပဲ ရှိတယ်။ စာဖတ်ခြင်းနဲ့ ရုပ်ရှင်ကြည့်ခြင်း။
တစ်ယောက်တည်းနေရတာကို ကြိုက်တယ်။ လူထူထူထဲမှာ နေရတာကို သဘောမကျဘူး။ ပွဲလန်းသဘင်တွေ မသွားချင်ဘူး။ လူရှေ့စကားပြောရတာကို မလုပ်ချင်တတ်ဘူး။ မလွှဲသာလို့သာ မိန့်ခွန်းတွေ တက်တက်ပြောနေရတာပါ။
မင်းအိုချမ်းသာ ဆိုတာ စာဖတ်ခြင်းတွေကနေ မွေးထုတ်ပေးလိုက်တဲ့ ကလောင်တစ်ချောင်းပါပဲ။ တစ်ခါတလေတော့ သူက လူတစ်ယောက်လိုကို အသက်ဝင်နေတတ်ပြန်တယ်။
ရဲမင်းဦးဆိုတဲ့ လူတစ်ယောက်ကိုလည်း စာအုပ်တွေကပဲ လူပီသဖို့ သင်ပြပေးခဲ့တယ်။
ကျွန်တော်က လူသားဝါဒီ။ လူတွေကို ချစ်သူ။
ဘာမှယူသွားလို့မရတဲ့ လောကထဲကနေ လူပီသစွာ နေခဲ့တယ်ဆိုတဲ့ ဂုဏ်ပုဒ်လေးနဲ့ပဲ အေးချမ်းစွာ ထွက်သွားချင်သူ။
တိုင်းပြည်အတွက် ၂၀၁၉~၂၀၂၀ တာဝန်များ ထမ်းဆောင်နေဆဲ ဖြစ်ပါတယ်။
၂၀၂၁~၂၀၂၆ ငါးနှစ်အတွက် တာဝန်ဆက်လက် ထမ်းဆောင်ခွင့်ကိုလည်း ပြည်သူဆီကပဲ တောင်းခံပါတယ်။
NLD ကို ချစ်သူအားလုံး
ကျွန်တော့်ကို မဲ ပေးပါ။