နံပါတ်မှာ (၄) အဆုံး

အဲဒီနေ့က နေပြည်တော်မှာ အခမ်းအနားတစ်ခု ရှိလို့ ကျွန်တော်တို့ ဗဟိုစီးပွားရေးကော်မတီက အန်ကယ်ဦးဟံသာရယ် ဦးအေးလွင်ရယ် ကျွန်တော်ရယ် ကားတစ်စီးနဲ့ နေပြည်တော်ကို သွားနေကြချိန်ပေါ့။ အန်တီကတွေ့ချင်တယ်ဆိုတော့ ကျွန်တော်နေပြည်တော်ကို တက်လာနေတာ လမ်းမှာဖြစ်ကြောင်း ပြန်ပြောလိုက်တယ်။ ခဏနေတော့ မနက်ဖြန် နေ့လည် တွေ့ပါမယ်လို့ စာပြန်ရောက်လာတယ်။

ကျွန်တော်က အန်တီ ဘယ်မှာနေတယ် မသိဘူး။ နေပြည်တော်က ဘယ်ဝန်ကြီးအိမ်မှလည်း မရောက်ဖူးဘူး။ အားနာနာနဲ့ပဲ လိပ်စာပြန်မေးရတယ်။ လိပ်စာရမှ Google Map မှာ ရှာရပြန်တယ်။

နောက်နေ့မှာ အခမ်းအနားက တစ်နေကုန် ကျင်းပ ပါတယ်။ အဖွင့်အမှာစကားကို အန်တီက တက်ရောက် ပြောကြားပါတယ်။ နေ့လည် ထမင်းစားချိန်နားတော့ ကျွန်တော် အန်တီ့အိမ်ကို ထွက်လာခဲ့လိုက်တယ်။

တွေ့တွေ့ချင်းပဲ အန်တီက အံ့ဩပြီး ပြောတယ်။ 

“သားကို ဓါတ်ပုံကြည့်ပြီး အန်တီက မသိဘူးထင်နေတာ။ လူတွေ့မှ မှတ်မိတယ် သားကို အန်တီ သိတာပဲ” တဲ့။

အန်တီနဲ့ ကျွန်တော်က ရုံးချုပ်တည်ဆောက်ရေး အစည်းအဝေးတွေမှာ ဆုံဖူးပါတယ်။ I-12 မှာရော ၅၄ ခြံထဲမှာရောပါ။ 

အန်တီနဲ့ ကျွန်တော်တို့ နောက်ဆုံး ဆုံတွေ့ခဲ့တာက ဦးကိုနီတို့အတွက် တော်ဝင်နှင်းဆီမှာ ပြုလုပ်ခဲ့တဲ့ တစ်လပြည့် အောက်မေ့ဖွယ် အခမ်းအနားမှာပါ။ကျွန်တော့်ဘဝမှာ ပထမဆုံးအခမ်းအနားမှူး လုပ်ခဲ့ရတဲ့ အခမ်းအနားလည်း ဖြစ်ပါတယ်။ အန်တီက ဦးကိုနီတို့အတွက် အောက်မေ့ဖွယ် စကား လာပြောခဲ့ပါတယ်။

ကျွန်တော်က “ဟုတ်ကဲ့… အန်တီနဲ့ ကျွန်တော် အစည်းအဝေးတွေမှာ ဆုံဖူးပါတယ်” လို့ ပြန်ပြောလိုက်ပါတယ်။

အဲဒီနောက် အန်တီက “သားကို နေပြည်တော်စည်ပင်ဘဏ်မှာ တာဝန်ပေးချင်တယ်။ အန်တီ အကုန်လုံးကို လိုက်မေးကြည့်ပြီးပြီ။ သားနဲ့ သင့်တော်တယ်လို့ ပြောကြတယ်။”

အန်တီက ခဏနားပြီး ပြုံးတယ်။ ပြီးတော့ ဆက်ပြောတယ်။

“သားကို အဲဒီထက် ပိုပေးပါလို့လည်း ပြောကြတယ်။”

အန်တီက မျက်နှာကို တည်လိုက်တယ်။

“သား မလုပ်ချင်ရင် တစ်ခါတည်း ငြင်းပါ။ အန်တီ့ကို အားနာစရာ မလိုဘူး။ အန်တီကတော့ သားကို ဒါပဲပေးနိုင်မယ်။”

အဲဒီအချိန်က ကျွန်တော့်စိတ်ထဲ ခံစားရတာ ဝမ်းနည်းမှုပါပဲ။ အန်တီ့အဆင့်နဲ့ ကျွန်တော့်လို ဘာမဟုတ်သူကို ဒီလောက်အထိ ပြောနေစရာ မလိုပါဘူး။ ဒါလုပ်လို့ ခိုင်းလိုက်ရုံပဲ မဟုတ်လား။

ဘာကြောင့် ဒီစကားတွေ ပြောသလဲဆိုတာကိုလည်း ကျွန်တော် သိပါတယ်။

သမ္မတဦးထင်ကျော် လက်ထက်က နေပြည်တော်မှာ နေရာလွတ်နှစ်ခု ရုတ်တရက် ပေါ်ပေါက်ခဲ့ပါတယ်။ နေပြည်တော်ကောင်စီဝင် တစ်နေရာနဲ့ နေပြည်တော်စည်ပင်သာယာရေး ကော်မတီဝင် တစ်နေရာပါ။ အဲဒီနေပြည်တော်စည်ပင်သာယာရေးကော်မတီဝင် နေရာက နေပြည်တော်စည်ပင်ဘဏ်ကိုလည်း ဥက္ကဋ္ဌအဖြစ် ပူးတွဲတာဝန် ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။

ပါတီလူကြီးတွေက ကျွန်တော့် စီဗွီကို တောင်းခဲ့ပါတယ်။ နေပြည်တော်ကောင်စီဝင်နေရာ အတွက်ပါ။ 

ဘဏ်ဥက္ကဋ္ဌ ရာထူးကိုတော့ တခြားတစ်ယောက်ကို ကမ်းလှမ်းခဲ့ပါတယ်။ဘဏ်က အလုပ်ထွက်ခဲ့ပြီး ဘဏ်လောကကို ပြန်မဝင်တော့ဘဲ တခြားလုပ်ငန်းတွေ လုပ်နေသူမို့လို့လည်း ဘဏ်မှာ အလုပ်လုပ်ဖို့ ပြောရင် ကျွန်တော် မလုပ်လောက်ဘူးလို့ သူတို့က နားလည်ထားကြတယ်။

ဒါပေမယ့် ကျွန်တော်တို့နှစ်ယောက်စလုံးကို အစိုးရက မခန့်ဖြစ်ခဲ့ပါ။ သိပ်မကြာဘူး သမ္မတဦးထင်ကျော်က အနားယူသွားလို့ လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က သမ္မတဖြစ်လာခဲ့တယ်။

သမ္မတဦးဝင်းမြင့်ရဲ့ သမ္မတ တာဝန်ထမ်းဆောင်ခြင်း ဂုဏ်ပြု ညစာစားပွဲမှာ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်က ကျွန်တော့်လက်ကို ဆွဲရင်း စကားခဏ ရပ်ပြောပါတယ်။ “ကိုရဲရေ နေပြည်တော်ကောင်စီဝင်ကတော့ အဆင်မပြေဘူး။ ဘဏ်ဥက္ကဋ္ဌ လုပ်မယ်ဆိုရင်တော့ ရနိုင်တယ်” တဲ့။

“ဘဏ်တော့ ပြန်မလုပ်ပါရစေနဲ့” လို့ ကျွန်တော်က ငြင်းခဲ့ပါတယ်။ အဲဒီကာလက ဘဏ်တစ်ခုကို တာဝန်ယူ အုပ်ချုပ်ရတဲ့ Executive ရာထူးကို ကျွန်တော် ပြန်မလုပ်ချင်တော့ဘူး။

၂၀၁၄ AGD က အလုပ်ထွက်တော့ ဘဏ်ကြီးတချို့နဲ့ ဘဏ်သစ်တချို့က MD ရာထူး CEO ရာထူးတွေနဲ့ ကမ်းလှမ်းခဲ့ကြပါတယ်။ ကျွန်တော် ငြင်းခဲ့ဖူးပါတယ်။

ကြာခဲ့ပြီဖြစ်ပေမယ့် ဒီအကြောင်းကို အန်တီ သိပုံပေါ်ပါတယ်။ ကျွန်တော့်ကို ငြင်းချင်ရင် ငြင်းပါလို့ ခွင့်ပြုတယ်။ အန်တီ့နေရာမှာ တခြားလူဆိုရင် ကျွန်တော်က ငြင်းမိမှာပါပဲ။ ကျွန်တော်က ထားခဲ့ပြီးသား လမ်းတွေကို ပြန်လျှောက်လေ့ မရှိခဲ့ဖူးဘူး။

ဒါပေမယ့် အခုက အန်တီ ဖြစ်နေတယ်။ ကျွန်တော်တို့ လေးစားရတဲ့ ချစ်ခင်ရတဲ့ ခေါင်းဆောင်ဖြစ်နေတယ်။ ကျွန်တော် စိတ်လျှော့လိုက်တယ်။ ဒီလိုကိစ္စလေးအတွက် အနိတီကိုယ်တိုင် ခေါ်ပြောနေရတာကိုလည်း အားနာမိတယ်။

“အန်တီက ကျွန်တော်တို့ ခေါင်းဆောင်ပါ။ အန်တီတာဝန်ပေးရင် ကျွန်တော် လုပ်ပါ့မယ်” လို့ တစ်ခွန်းပဲ ပြန်ဖြေလိုက်တယ်။ 

အဲဒီလိုနဲ့ပဲ ကျွန်တော်နေပြည်တော်ကို ၂၀၁၉ခုနှစ် ဇန်နဝါရီလမှာ ရောက်ရှိတာဝန် ထမ်းဆောင်ခဲ့ပါတယ်။

ဒီနေရာမှာ ကျွန်တော့်ကို ဘဏ်ဥက္ကဋ္ဌ ပေးမှာကို ကြိုမသိဘူးလားလို့ မေးစရာ ရှိပါတယ်။ အတိအကျ ကျွန်တော် မသိခဲ့ဘူးလို့ ပြောရမှာပါပဲ။

ပထမဆုံး ဗဟိုစီးပွားရေးကော်မတီက အန်ကယ်ဦးမျိုးမြင့်က ကျွန်တော့်ဆီ ဖုန်းဆက်ခဲ့ပါတယ်။ “နေပြည်တော်စည်ပင်ဘဏ်ကို အားမရလို့ ကူဦးဗျာ” လို့လည်း ပြောပါတယ်။ “ခင်ဗျား CV ကို အီးမေးလ်ကနေ ပို့ပေး”ဆိုလို့ ကျွန်တော်ပို့ပေးခဲ့တယ်။ ဘဏ်အတွက် အကြံပေးလောက်တော့ လုပ်ပေးရလိမ့်မယ်လို့ပဲ ထင်ထားခဲ့တယ်။ ဘဏ်တွေမှာ Executive တာဝန် ပြန်မလုပ်ခဲ့ပေမယ့် အကြံပေးအနေနဲ့တော့ ဘဏ်တချို့အတွက် ကျွန်တော်က လုပ်ပေးနေတာကိုး။

နည်းနည်းကြာသွားပြီး မေ့လောက်ရှိတော့ သမ္မတရုံးက ကိုဇော်ဌေးက ကိုသောင်းစုငြိမ်းကတဆင့် ဆက်သွယ်လာတယ်။ “ကျွန်တော်တို့ appointment လေး တစ်ခုရှိလို့ ခင်ဗျား CV ပို့ပေးပါ”လို့ တောင်းတယ်။ 

ကျွန်တော်က “ဪ… သမ္မတရုံးက နိုင်ငံခြားဘဏ်တွေက တချို့နဲ့ တွေ့ဆုံဖို့ Appointment တစ်ခုမှာ ပါတီကလူဖြစ်တဲ့ ကျွန်တော့်ကို ဝင်တွေ့စေချင်တာနဲ့ တူတယ်” ဆိုပြီး CV ကို အင်္ဂလိပ်လိုတောင် ပို့ပေးလိုက်သေးတယ်။ ဘယ်သူကမှ ထပ်မဆက်သွယ်တော့ အစည်းအဝေး မလုပ်ဖြစ်ဘူးလို့ ထင်ထားခဲ့တယ်။

အဲဒီနောက်မှာ သမ္မတက ကျွန်တော်နဲ့ ပတ်သက်တာတွေ ပါတီလူကြီးတချို့နဲ့ ဝန်ကြီးချုပ်တချို့တွေကို လှမ်းမေးတယ်လို့ ကြားတော့ ကျွန်တော့်ကို တိုင်တာတောတာတွေ ရှိလို့လားလို့တောင် လူကြီးတွေကို မေးခဲ့သေးတယ်။ လူကြီးတွေက “အဲဒီလိုတော့ မဟုတ်ဘူး။ ခင်ဗျားကို နာမည်တူတစ်ယောက်နဲ့ လူမှားနေပုံရတယ်”လို့ ပြန်ပြောကြတယ်။ “ကျွန်တော်တို့ရှင်းပြလိုက်ပြီ စိတ်မပူပါနဲ့”လို့ ပြောကြတယ်။

စိတ်တော့ မပူမိပါ။ အဲဒီတုန်းက ကျွန်တော်က အစိုးရဝန်ထမ်းမဟုတ်သလို ပါတီဝင်လည်း မဟုတ်လေတော့ အရေးယူခံရစရာလည်း မရှိဘူးလေ။

အန်တီတွေ့ဖို့ ခေါ်တဲ့အချိန်မှာ အထက်က ကိစ္စတွေနဲ့ အတွေးက မချိတ်မိဘူး။ ပါတီကိစ္စတစ်ခုခု ခိုင်းဖို့ ရှိတယ်ပဲ ထင်ခဲ့မိပါတယ်။

နောက်ပိုင်းကျမှ ဇာတ်ရည်လည်တာက အန်တီက စီမံ၊ ဘဏ္ဍာဝန်ကြီး အန်ကယ်ဦးစိုးဝင်းနဲ့ ကျွန်တော့်ကိစ္စကို တိုင်ပင်ခဲ့ပါတယ်။ အန်ကယ်က ထောက်ခံတဲ့အတွက် ခေါ်တွေ့ပြီး ခန့်ဖို့ ညွှန်ကြားခဲ့ပါတယ်။ အန်ကယ်က အရင်ဇာတ်လမ်းကို ပြောပြပြီး ကျွန်တော်ပြောရင် သူငြင်းလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ခေါ်ပြောမှ ရပါလိမ့်မယ်လို့ ပြောခဲ့တာပါတဲ့။

​ဒီလိုနဲ့ပဲ ၂၀၁၉ နှစ်ဆန်းကစလို့ ဒီနေ့အထိ…

နေပြည်တော်စည်ပင်ဘဏ် (အခု နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်) မှာ ဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင်နေပါတယ်။

ဘဏ်ဥက္ကဋ္ဌတွေ အလှည့်ကျ အုပ်ချုပ်ပေးရတဲ့ MPU ( Myanmar Payment Union) လို့ ခေါ်တဲ့ မြန်မာဘဏ်တွေက စုပေါင်းတည်ထောင်၊ ပိုင်ဆိုင်ထားတဲ့ ATM Network မှာလည်း ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။

တာဝန်ထပ်ပေးလို့ နေပြည်တော်စည်ပင်သာယာရေးကော်မတီရဲ့ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော် ဒုတိယမြို့တော်ဝန်အဖြစ်လည်း တာဝန်ထမ်းဆောင်နေပါတယ်။

ရန်ကုန်တိုင်းက စီမံ/ဘဏ္ဍာဝန်ကြီး ကွယ်လွန်သွားလို့ သူ့နေရာကို အစားထိုးဖို့ တာဝန်ထပ်ပေးတဲ့အတွက် ရန်ကုန်တိုင်းဒေသကြီးရဲ့ စီမံ/ဘဏ္ဍာဝန်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်နေပါတယ်။

အခုတစ်ခါ ဒဂုံမြို့နယ်ကနေ ရွေးကောက်ပွဲဝင်ဖို့ ညွှန်ကြားတဲ့အတွက် ဒဂုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ယောမင်းကြီးရပ်ကွက်နဲ့ ဦးဝိစာရ ရပ်ကွက်တို့မှာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ရာထူးဆိုတာ တာဝန်ဖြစ်ပါတယ်။

အလုပ်လုပ်ကြပါ။

ကံဆိုတာ အလုပ်ဖြစ်ပါတယ်။

ပစ်တိုင်းထောင်မှာ ကြိုးမရှိပါ။

ကိုဗစ်ကာလမှာ ပူလောင်မှုများ ငြိမ်းအေးကြပါစေ။