မီဒီယာများနှင့်မိတ်ဆွေဖြစ်ရေး

(ဒီစာကိုရေးတုန်းက ရေးနေရင်းနဲ့ စိတ်ထဲမှာ သိပ်ရှည်လွန်းနေပြီလို့ ထင်လာတယ်။ ဒါနဲ့ပဲ ဆက်မရေးတော့ဘဲ အတင်းရပ်လိုက်မိတယ်။ ခုပြန်ဖတ်တော့ အဆုံးသတ်ဟာ တစ်ခုခုလိုနေသလို ခံစားရတယ်။ ဒါပေမယ့် ဖေ့စ်ဘုတ်မှာ စာရှည်ရှည်ဖတ်သူနည်းပါးလှတဲ့အတွက် အဆုံးသတ်ထိ ရောက်သူနည်းမှာဖြစ်လို့ တော်ပါသေးရဲ့လို့လည်း တွေးမိပြန်ပါတယ်။)

ဒီနေ့ခေတ်မှာ မီဒီယာလို့ ပြောလိုက်ရင် ပါဝင်တာတွေက ကျယ်ပြန့်လွန်းလှတယ်။ အရင်ခေတ်က စာနယ်ဇင်းလို့ ပြောလိုက်ရင် လုံလောက်ခဲ့တယ်။ သတင်းစာ၊ ဂျာနယ်နဲ့ မဂ္ဂဇင်းပေါ့။ စာနယ်ဇင်းမှာ အလုပ်လုပ်တယ်ဆိုတာ အဲဒီသုံးခုက တစ်ခုခုမှာ စာရေးသားသူ ဒါမှမဟုတ် သတင်းရေးသားသူ ဒါမှမဟုတ်ရင် သတင်းတွေကို တည်းဖြတ်သူတွေပေါ့။ သတင်းထောက်(ရက်ပို့တာ)နဲ့ စာတည်း(အယ်ဒီတာ)ဆိုပြီး ရာထူးနှစ်ခုက လူတွေကို သိရင်ပဲ အလုပ်ဖြစ်နေပြီ။ ခုတော့ စာနယ်ဇင်းသမားဆိုတဲ့ အသုံးအနှုန်းနေရာမှာ မီဒီယာသမားဆိုတဲ့ အသုံးက အစားထိုးနေရာယူလာခဲ့ပြီ။ ကျယ်ပြန့်လာတဲ့ မီဒီယာတွေကို နားလည်ဖို့ အားထုတ်ရတာကိုက လွယ်ကူတဲ့အလုပ်တစ်ခုမဟုတ်တော့ပါဘူး။ ဒီလိုခေတ်ကြီးမှာ မီဒီယာတွေကို ရင်းနှီးကျွမ်းဝင်ဖို့ဆိုတာ လေ့လာမှုနဲ့ အားထုတ်မှုတစ်စုံတစ်ရာ မပါဘဲ မဖြစ်နိုင်တော့ပါ။

အစိုးရအဖွဲ့ဝင်တွေ၊ နိုင်ငံရေးသမားတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် မီဒီယာဆိုတာ အလေးဂရု မပြုလို့ မဖြစ်တဲ့ နယ်ပယ်တစ်ခုပဲဖြစ်ပါတယ်။ ကိုယ်က ကောင်းတာလုပ်နေလား ဆိုးတာလုပ်နေလားဆိုတာထက် မီဒီယာတွေက ကိုယ့်အပေါ်ကို ဘယ်လို ရှုမြင်သလဲဆိုတာက ပိုပြီးအရေးကြီးနေတာမျုိုးပေါ့။ မီဒီယာတွေရဲ့ ပျံ့နှံ့မှုက အင်မတန်ကျယ်ပြန့်နေပြီ ဖြစ်ပါတယ်။ မနေ့ကသတင်းကို ဒီနေ့သိရတဲ့ ခေတ်မျိုး မဟုတ်တော့ပါဘူး။ ဒီနေ့သတင်းကို အခုဖြစ်နေဆဲမှာပဲ လူအများဆီ ချက်ချင်းကို ရောက်ရှိနေပြီဖြစ်တဲ့ ခေတ်မှာ ကျွန်တော်တို့ ရောက်နေပါပြီ။ ဒီအတွက် အဖြစ်အပျက်တစ်ခုရဲ့ အကြောင်းရင်းခံကို ရှာဖွေဖြေရှင်းဖို့ စဉ်းစားနေတုန်းမှာပဲ ဒီအဖြစ်အပျက်ရဲ့ ကောင်းကျိုးဆိုးပြစ်က သက်ရောက်နေပါပြီ။ သတင်းအချက်အလက် လျင်မြန်လွန်းမှုရဲ့ နောက်ဆက်တွဲအဖြစ် လူအများရဲ့ ထင်မြင်ယူဆချက်တွေ၊ ခံစားချက်အရင်းတည် တုန့်ပြန်မှုတွေနဲ့အတူ သတင်းမှန်ကို အချက်အလက်မှားရောထည့်သွင်းတဲ့ သတင်းတုဖြန့်ဝေမှုဆိုတာတွေပါ တွေ့ကြုံလာကြရပါတယ်။ ဒါကြောင့် အားလုံးက မီဒီယာတွေကို ဘယ်လိုကိုင်တွယ်ရမလဲ။ မီဒီယာတွေကို ဘယ်လိုဆက်ဆံရမလဲဆိုတာကို ဘာသာရပ်တစ်ခုလို သဘောထားပြီး စဉ်းစားလာကြပါတယ်။

မီဒီယာတွေလို့ပြောလိုက်ရင် မီဒီယာဆိုတာ ဘာလဲဆိုတဲ့ ဖွင့်ဆိုချက်တစ်ခုကိုတော့ ရှင်းရှင်းလင်းလင်း သိထားမှ ဖြစ်ပါမယ်။ မီဒီယာဆိုတာ သတင်းတွေ၊ ဖျော်ဖြေရေးတွေ၊ ပညာပေးတွေ၊ အချက်အလက်တွေနဲ့ ကြော်ငြာတွေကို လမ်းကြောင်းမျိုးစုံကနေ လူအများဆီကို ရောက်အောင် ပို့ဆောင်ပေးနေတဲ့ လုပ်ရပ်(လုပ်ငန်း)အားလုံးကို ဆိုလိုပါတယ်။ ဒါကြောင့်လည်း အရင်ခေတ်ကလို စာရွက်ပေါ်မှာ ပုံနှိပ်ထားမှ မီဒီယာမဟုတ်တော့တာကို နားလည်ကြရပါမယ်။ အသုံးပြုတဲ့ကြားခံပေါ်မူတည်ပြီး မီဒီယာတွေကို သုံးမျိုးခွဲပြောကြပါတယ်။ စာရွက်တွေပေါ်မှာ ရိုက်နှိပ်ဖြန့်ချိတဲ့ ပုံနှိပ်မီဒီယာ (Printed Media)၊ လေလှိုင်းကနေ အသံဖြစ်ဖြစ်၊ အရုပ်ဖြစ်ဖြစ် လွှင့်ထုတ်ပေးနေတဲ့ ရုပ်သံနှင့်အသံလွှင့်မီဒီယာ (Broadcasting Media) နဲ့ ကွန်ပြူတာ၊ အင်တာနက်နဲ့ မိုဘိုင်းဖုန်းတွေကို အသုံးပြီး လူထုဆီကို ပေးပို့ချင်တဲ့ အကြောင်းအရာတွေကို လက်ဝယ်အရောက်ပို့ပေးနေတဲ့ အီလက်ထရောနစ်မီဒီယာ (Electronic Media)ဆိုပြီး ရှိကြပါတယ်။

ပုံနှိပ်မီဒီယာအနေနဲ့ ပြောကြမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံမှာ ပြန်ကြားရေးဝန်ကြီးဌာနက ခွင့်ပြုချက်ထုတ်ပေးထားတဲ့ ထုတ်ဝေခွင့်တွေနဲ့ လက်ရှိ ထုတ်ဝေနေတဲ့ စာနယ်ဇင်းတွေကို နှိုင်းယှဉ်ကြည့်တဲ့အခါမှာ ထုတ်ဝေခွင့်ရထားသူက ပိုများပြီး လက်တွေ့ထုတ်ဝေနေတဲ့အရေအတွက် နည်းပါတယ်။ သတင်းစာထုတ်ဝေခွင့် (၄၆)စောင်မှာ (၂၆) စောင်ပဲ သတင်းစာထုတ်ဝေနေပါတယ်။ ဂျာနယ်ထုတ်ဝေခွင့် (၅၄၅)စောင်မှာ အစောင်(၂၀၀)သာ ထွက်ပါတယ်။ မဂ္ဂဇင်းထုတ်ဝေခွင့် (၄၄၆)စောင်မှာ (၁၈၁)အုပ်သာ ထွက်ပါတော့တယ်။ နောင်ကိုလည်း ဒီထက် လျော့နည်းလာလိမ့်မယ်လို့ အားလုံးက မျှော်မှန်းထားကြပါတယ်။ ဒါက ဘာကိုပြနေသလဲဆိုတော့ ပုံနှိပ်မီဒီယာတွေဟာ နိုင်ငံတကာမှာလိုပဲ မြန်မာနိုင်ငံမှာလည်း လူသုံးများမှုနည်းပါးလာတယ်ဆိုတာကို တွေ့ရပါလိမ့်မယ်။

ရုပ်သံနှင့်အသံလွှင့်မီဒီယာတွေမှာတော့ မြန်မာနိုင်ငံမှာ ပြန်ကြားရေးဝန်ကြီးဌာနကပိုင်တဲ့ မြန်မာ့ရုပ်မြင်သံကြားနဲ့ ရေဒီယိုလုပ်ငန်းရယ်၊ တပ်မတော်ကပိုင်တဲ့ မြဝတီရုပ်မြင်သံကြားလုပ်ငန်းရယ်က နိုင်ငံနဲ့ဆိုင်တဲ့ မီဒီယာကြီးတွေဖြစ်ပါတယ်။ ကျန်တာတွေမှာတော့ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ အကျိုးတူလုပ်တဲ့ MRTV4 လိုလုပ်ငန်းတွေ၊ Family လိုလုပ်ငန်းတွေရယ်၊ ပုဂ္ဂလိကလုပ်ငန်းဖြစ်တဲ့ SkyNet လိုရုပ်သံလွှင့်လုပ်ငန်းတွေရယ် ရှိပါတယ်။ အစိုးရသစ်လက်ထက်မှာ ခွင့်ပြုချက်ထပ်ချထားတဲ့ ရုပ်သံလုပ်ငန်းတချို့လည်း ရှိနေပါတယ်။ ဒါပေမယ့် ရုပ်သံမီဒီယာမှာ အဓိက လွှမ်းမိုးထားတာကတော့ လေးဦးပဲ ရှိပါတယ်။ MRTV, MWD, MRTV4 နဲ့ SkyNet တို့ပါပဲ။ ဒီရုပ်သံလိုင်းတွေကတဆင့် ကမ္ဘာ့သတင်းလိုင်းတွေ၊ ဖျော်ဖြေရေးလိုင်းတွေ၊ ရုပ်ရှင်လိုင်းတွေကိုလည်း ကျွန်တော်တို့တွေ ကြည့်လို့ရပါတယ်။ အသံလွှင့်ရေဒီယိုအနေနဲ့ ပြန်ကြားရေးဝန်ကြီးဌာနကပိုင်တဲ့ မြန်မာ့အသံ၊ တပ်မတော်ကပိုင်တဲ့ သဇင်အက်ဖ်အမ်၊ စည်ပင်သာယာရေးကော်မတီတွေနဲ့ ပုဂ္ဂလိကကုမ္ပဏီတွေကပိုင်တဲ့ အက်ဖ်အမ် ရေဒီယိုလိုင်းတွေ စုစုပေါင်း (၉)လိုင်းခန့်က ပုံမှန်ထုတ်လွှင့်လျက်ရှိပါတယ်။ တချိန်ကတော့ တစ်ခုခုလူသိများချင်ရင် ရုပ်သံနဲ့ ရေဒီယိုကနေ မဖြစ်မနေ ထုတ်လွှင့်ကြရ၊ ကြော်ငြာကြရပါတယ်။ ခုနောက်ပိုင်းတော့ အီလက်ထရောနစ်မီဒီယာတွေက ပိုမိုလွှမ်းမိုးလာပြီဖြစ်ပါတယ်။

အီလက်ထရောနစ်မီဒီယာလို့ ပြောရရင် ဘယ်နှစ်ဦးပဲ ရှိတယ်လို့ ပြောရခက်လောက်အောင် များပြားလှပါတယ်။ နည်းပညာရဲ့ တိုးတက်လာမှုနဲ့အတူ ဒစ်ဂျစ်တယ်လိုင်းတစ်ခု၊ အီလက်ထရောနစ်မီဒီယာတစ်ခုကို ဖန်တီးဖို့ဆိုတာ လွယ်ကူလွန်းလှပါတယ်။ ပုံနှိပ်မီဒီယာတွေက စာရွက်ပေါ်မှာ မရိုက်တော့ဘဲ ဒစ်ဂျစ်တယ်ပြောင်းလို့ အီလက်ထရောနစ်မီဒီယာတွေ ဖြစ်လာကြသလို၊ ရေဒီယိုနဲ့ ရုပ်သံလုပ်ငန်းတွေကလည်း ဒစ်ဂျစ်တယ်ပလက်ဖောင်းပေါ်တက်လို့ အီလက်ထရောနစ်မီဒီယာတွေ ဖြစ်လာနေကြပါပြီ။ နောင်အချိန်ကျရင် မီဒီယာလို့ ပြောလိုက်ရင် ဒစ်ဂျစ်နယ်မီဒီယာဆိုတဲ့ အီလက်ထရောနစ်မီဒီယာတွေပဲ ရှိတော့မယ်လို့တော့ တချို့အနာဂတ်ပညာရှင်တွေက ဟောကိန်းထုတ်နေကြပြီဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံဟာ တချိန်က သတင်းအချက်အလက်တွေကို လွတ်လွတ်လပ်လပ်ကြည့်ရှုခွင့်မရခဲ့ပေမယ့် ဒစ်ဂျစ်တယ်ခေတ်အပြောင်းမှာ အင်တာနက်လှိုင်းကို စီးလို့ သတင်းအချက်အလက်တွေကို ရယူ သုံးစွဲနေကြတာဟာ မျှော်မှန်းထားတာထက်တောင် များပြားလွန်းလှပါတယ်။ အခမ်းအနားတစ်ခုမှာ တယ်လီကွန်းကုမ္ပဏီကြီးတစ်ခုရဲ့ စီအီးအိုက မြန်မာနိုင်ငံရဲ့ ဒေတာစားသုံးမှု(အချက်အလက်အသုံးပြုမှု)ဟာ ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်တဲ့ နော်ဝေကိုတောင် ကျော်သွားပြီလို့ ပြောပါတယ်။ လူဦးရေကြောင့်လို့ ပြောလို့ရပေမယ့် ဒေတာအချက်အလက်သုံးစွဲမှု၊ တစ်နည်းပြောရရင် အင်တာနက်သုံးစွဲမှု၊ ဒီထက်ပိုပြီး ပြောရရင်တော့ ဖေ့စ်ဘုတ်သုံးစွဲမှုမှာ မြန်မာနိုင်ငံသားတွေဟာ နိုင်ငံအတော်များများကို ရင်ဘောင်တန်းနေနိုင်ပါပြီ။ တချိန်က အပိတ်ခံခဲ့ရသမျှကို အတိုးချလို့ သတင်းတွေကို ရယူကြ။ ပြန်လည်မျှဝေကြ။ ကိုယ်ပိုင်ထင်မြင်ယူဆချက်တွေ ပေါပေါများများ ပေးကြနဲ့ မြန်မာနိုင်ငံသားတွေဟာ အီလက်ထရောနစ်မီဒီယာတွေနဲ့ ဒစ်ဂျစ်တယ်ခေတ်ကြီးကို အပျော်ကြီးပျော်နေကြတာကို အားလုံးမြင်တွေ့နေကြရပါတယ်။

အီလက်ထရောနစ်မီဒီယာတွေက အမျိုးအစားတစ်ခုဖြစ်တဲ့ ဆိုရှယ်မီဒီယာများစွာရှိတဲ့အထဲကမှ မြန်မာနိုင်ငံမှာ အထင်ရှားဆုံးနဲ့ လူသုံးအများဆုံးကတော့ ဖေ့စ်ဘုတ်ဖြစ်ပါတယ်။ မနက်အိပ်ရာထချိန်ကနေ မျက်စိမှိတ်အိပ်ရာဝင်တဲ့အထိ ဖေ့စ်ဘုတ်ကို မနားတမ်းအသုံးပြုကြပါတယ်။ ဖေ့စ်ဘုတ်ကြောင့် မျက်စိတွေ ပါဝါတိုးကြတယ်။ ဖေ့စ်ဘုတ်ကြောင့် ချစ်သူလင်မယားတွေအကြားမှာ ပြဿနာတွေတက်ကြတယ်။ ဖေ့စ်ဘုတ်ကြောင့် သူငယ်ချင်ေးတွ အခင်အမင်ပျက်ကုန်ကြတယ်။ ဖေ့စ်ဘုတ်ကြောင့် တုတ်တပြက်ဓါးတပြက် အဖြစ်တွေ ကြုံကြရတယ်။ ဒါက ဖေ့စ်ဘုတ်သုံးနေရင်း ကြုံလာကြရတဲ့ လူမှုဒုက္ခတွေပဲဖြစ်ပါတယ်။ အဆိုးတွေချည်းပဲတော့ မဟုတ်ပါဘူး။ ဖေစ့်ဘုတ်ကြောင့် မိတ်ဆွေသူငယ်ချင်းတွေတိုးလာတယ်။ ဖေ့စ်ဘုတ်ကြောင့် ခေတ်ကို မျက်ခြေမပြတ်သိနေရတယ်။ ဖေ့စ်ဘုတ်ကြောင့် စီးပွားရေးအခွင့်အလန်းတွေ ပိုမြင်လာကြရတယ်။ ဖေ့စတ်ဘုတ်ပေါ်ကနေ သင်ယူမှုမျိုးစုံကို ရှာဖွေသင်ယူလို့ရလာကြတယ်။ ဖေ့စ်ဘုတ်ဟာ သူများနိုင်ငံတွေမှာ သာမန်ဆိုရှယ်မီဒီယာဆိုပေမယ့် မြန်မာအများစုအတွက်တော့ ဖေ့စ်ဘုတ်ဟာ နေ့စဉ်ဘဝကြီးကို ဖြစ်လို့နေပါတော့တယ်။

ဒီတော့လည်း ပုံနှိပ်မီဒီယာတွေရော၊ ရုပ်သံနဲ့အသံလွှင့်မီဒီယာတွေရော အားလုံးဟာ မဖြစ်မနေ ဖေ့စ်ဘုတ်ပေါ်ကို ရောက်လာကြပါတော့တယ်။ ဖေ့စ်ဘုတ်ပေါ်ကို အားလုံးရောက်လာတဲ့အတွက် သတင်းမီဒီယာနဲ့ သတင်းအချက်အလက်တွေကို ရယူသုံးစွဲသူတွေကလည်း အလိုအလျောက် ဖေ့စ်ဘုတ်ထဲက မထွက်ဖြစ်ကြတော့တဲ့ အခြေအနေဖြစ်လာပါတယ်။ ဖေ့စ်ဘုတ်ရဲ့ ထူးခြားချက်က သူ့ကို အသုံးပြုသူအားလုံးကို အခမဲ့အသုံးပြုခွင့်ပေးထားတာ ဖြစ်ပါတယ်။ ဒါကြောင့် သတင်းမီဒီယာလုပ်ငန်းကို ရည်ရွယ်ချက်ကောင်းနဲ့ လုပ်ချင်တဲ့သူတွေရော၊ မကောင်းတဲ့ စိတ်ထားရည်ရွယ်ချက်တွေနဲ့ မီဒီယာအတုတွေဖန်တီးချင်တဲ့သူတွေရောဟာ မီဒီယာလုပ်ငန်းတစ်ခုကို ဖေ့စ်ဘုတ်ပေါ်မှာ အလွယ်တကူ ဖန်တီးလို့ရလာပါတယ်။ ဒီလိုနဲ့ မကောင်းတဲ့လူတွေဖန်တီးထားတဲ့ မီဒီယာတွေဟာ သတင်းအချက်အလက်တွေအတွက် အာမခံချက်လုံးဝမပေးဘဲ သတင်းအစစ်ရော သတင်းအတုရော ထုတ်လွှင့်မှုတွေကို လုပ်လာကြပါတော့တယ်။ သတင်းတုတွေ၊ အမုန်းစကားတွေကြောင့်် လူထုဟာ အခြေအနေမှန်ကို ခွဲခြားသိမြင်ဖို့ ခက်ခဲလာကြပါတယ်။ ကွန်ပြူတာနည်းပညာရဲ့ ဖွံ့ဖြိုးတိုးတက်မှုကြောင့်လည်း ဓါတ်ပုံတွေ ဗီဒီယိုတွေကလည်း ကြိုက်သလို ပြင်ဆင်ဖန်တီးလို့ရလာတာကြောင့် သတင်းတွေရဲ့ ခိုင်မာမှန်ကန်မှုဟာ မေးခွန်းထုတ်စရာ အခြေအနေတစ်ရပ်ကို ကြုံလာကြရပါတယ်။

အီလက်ထရောနစ်ဥပဒေပြဌာန်းလိုက်ပြီးတဲ့နောက်မှာ အီလက်ထရောနစ်မီဒီယာ (အထူးသဖြင့် ဆိုရှယ်မီဒီယာဖြစ်တဲ့ ဖေ့စ်ဘုတ်ပေါ်ကနေ) လူတစ်ဦးတစ်ယောက်က တခြားလူတစ်ဦးတစ်ယောက်ကို နစ်နာအောင် ရည်ရွယ်ချက်ရှိရှိပြုလုပ်လာရင် ပုဒ်မ ၆၆(ဃ)နဲ့ တိုင်ကြားအရေးယူနိုင်လာကြပါတယ်။ ဒီပုဒ်မနဲ့ စွဲဆိုမှုတွေကို အများဆုံးခံလာကြရတာက တချိန်က စာနယ်ဇင်းသမားတွေလို့ ခေါ်တဲ့ ဒီနေ့ မီဒီယာလောကသားတွေ ဖြစ်ပါတယ်။ မီဒီယာရဲ့ ရေးသားမှုတွေကို မကျေနပ်ရင် လုပ်ငန်းရှင်တွေကပဲဖြစ်ဖြစ်၊ အစိုးရအဖွဲ့ဝင်တွေကပဲဖြစ်ဖြစ် ၆၆(ဃ)ကို အသုံးပြုခဲ့ကြပါတယ်။ တချို့ကလည်း ဒီထက်ပိုကဲလို့ အသရည်ဖျက်မှုတို့ နိုင်ငံတော်ကို အကြည်ညိုပျက်စေမှုတို့စတဲ့ ပုဒ်မတွေနဲ့ တိုင်ကြားအရေးယူမှုတွေလည်း ပြုလုပ်ကြတာတွေလည်း တွေ့နေရပြန်ပါတယ်။ 

ဒီနေရာမှာ ကျွန်တော်တို့အတွက် စဉ်းစားစရာတစ်ခု ရှိလာပါတယ်။ ဒီလောက်များပြားတဲ့ မီဒီယာအမျိုးအစားတွေနဲ့ ဒီမီဒီယာတွေအသက်ဝင်နေအောင် ပါဝင်ဆောင်ရွက်နေကြတဲ့ မီဒီယာလောကသားတွေကို ရန်သူတွေအဖြစ် တကယ်ပဲ သတ်မှတ်သင့်သလား။ ဒီလိုပဲ တရားတွေစွဲပြီး လက်တုန့်ပြန်နေကြမှာလား။ မီဒီယာတွေနဲ့ မီဒီယာသမားတွေဟာ ကျွန်တော်တို့အတွက် မိတ်ဆွေတွေ မဖြစ်နိုင်တော့ပြီလား။ မီဒီယာများနဲ့ ဆက်ဆံရေး၊ မီဒီယာတွေနဲ့ မိတ်ဆွေဖွဲ့ရေးဆိုတာဟာ အတတ်ပညာလား၊ မွေးရာပါလားလို့လည်း တချို့က မေးခွန်းထုတ်ကြပါတယ်။ အင်္ဂလိပ်လို မီဒီယာဖရန့်ဒလီး (Media Friendly) ဖြစ်တယ်ဆိုတဲ့ လူပုဂ္ဂိုလ်တချို့ ရှိကြပါတယ်။ သူတို့တွေကို မီဒီယာတွေပေါ်မှာ မကြာခဏ တွေ့ကြရပါတယ်။ နိုင်ငံ့ခေါင်းဆောင်တွေ၊ ထင်ရှားတဲ့ ဘာသာရေးခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေ၊ အနုပညာရှင်တွေ၊ အတတ်ပညာရှင်တွေ လူမျိုးစုံပါပဲ။ ဒီလိုတွေဟာ မီဒီယာတွေက မေးတာတွေကို ဖြေကြားကြရမှာ အကျိုးဖြစ်ပြီး အောင်မြင်မှုတွေ ပိုရလာတာရှိသလို၊ မီဒီယာရှေ့မှာ မပြောသင့်တဲ့စကားပြောမိလို့ နာမည်ထိခိုက်သွားတဲ့သူတွေ လုပ်ငန်းကိုင်ငန်းမှာ အခက်အခဲဖြစ်သွားရတဲ့သူတွေလည်း ရှိနေပါတယ်။

စစ်မှန်တဲ့ မီဒီယာတွေဟာ လူပုဂ္ဂိုလ်အားလုံးအတွက် မိတ်ဆွေပဲ ဖြစ်ပါတယ်။ စတင်တည်ထောင်ခဲ့ကြတဲ့ ရည်ရွယ်ချက်ကိုက လူအများကို သတင်းအချက်အလက်တွေ ပေးဝေလိုတယ်ဆိုတဲ့ ရည်ရွယ်ချက်ကောင်းနဲ့ တည်ထောင်ထားကြတာဖြစ်လို့ပါပဲ။ မီဒီယာတွေရဲ့ သဘောသဘာဝကို နားလည်အောင်ကြိုးစားပြီး မီဒီယာတွေကို မိတ်ဆွေဖြစ်အောင် ကြိုးစားကိုင်တွယ်ကြရပါမယ်။ အထူးသဖြင့် မီဒီယာပေါ်ကနေ ကိုယ့်ရဲ့ အကြောင်းကို အများသိစေချင်တဲ့သူတွေအတွက် မီဒီယာနဲ့ မိတ်ဆွေဖွဲ့နိုင်ရေးဟာ အင်မတန်အရေးကြီးလှပါတယ်။ ဘယ်လိုမိတ်ဆွေဖွဲ့ကြမလဲဆိုတာကို နားလည်ကြရပါမယ်။

မီဒီယာတွေကို မိတ်ဆွေဖွဲ့ခြင်းဆိုတာကို တချို့က နားလည်မှု လွဲနေပါတယ်။ မီဒီယာလောကသားတွေကို လာဘ်ငွေပေးပြီး မိတ်ဆွေဖွဲ့ချင်သူတချို့ရှိတယ်။ မီဒီယာလောကသားတွေကို တံစိုးလက်ဆောင်တွေပေးရင် ကိုယ့်အကြောင်းအကောင်းရေးပေးမှာပဲလို့ ထင်မြင်သူတချို့ရှိတယ်။ မီဒီယာလောကသားတွေထဲက တချို့ကို အရက်သေစာလို အရာတွေပေးပြီး ဖြားယောင်းချင်သူတချို့ရှိတယ်။ ဒီနည်းလမ်းတွေဟာ မီဒီယာလောကတစ်ခုလုံးကို မိတ်ဆွေဖွဲ့နိုင်တဲ့ နည်းလမ်းမဟုတ်ပါဘူး။ မီဒီယာလောကထဲမှာ အကျင့်ပျက်ခြစားသူတချို့ ရှိကောင်းရှိနိုင်ပေမယ့် လူထုကို သတင်းမှန်ပေးရေးဆိုတဲ့ ရပ်တည်ချက်နဲ့ ဂုဏ်ယူရပ်တည်နေတဲ့ မီဒီယာသမားတွေက အများစုဆိုတာကို မမေ့သင့်ပါဘူး။ ဒါကို နားမလည်ဘဲ လူကောင်းမီဒီယာသမားတွေကို လူဆိုးမီဒီယာသမားတွေနဲ့ တစ်တန်းတစ်စားတည်း ဆက်ဆံမိသူတွေဟာ မီဒီယာနဲ့ မိတ်ဆွေတွေမဖြစ်ဘဲ ရန်သူတွေဖြစ်ကုန်ပါလိမ့်မယ်။

မီဒီယာတွေနဲ့ မိတ်ဆွေစစ် မိတ်ဆွေမှန်ဖြစ်ချင်တယ်ဆိုရင် ကိုယ့်ဖက်ကစလို ပွင့်လင်းရိုးသားရပါမယ်။ အရာရာဟာ ထုတ်ဖော်ပြောလို့မရပေမယ့် ကိုယ်ပြောလို့ရသလောက် ဘောင်ကို ကိုယ့်ဘာသာ သတ်မှတ်ပြီး ပွင့်လင်းရိုးသားစွာ ထုတ်ဖော်ပြောနိုင်ရပါမယ်။ တစ်ခါ မီဒီယာတွေအပေါ်မှာ အလုပ်သဘောအရ လေးစားမှု ရှိရပါမယ်။ မီဒီယာသမားတွေဟာ သူတို့အလုပ်ကို သူတို့လုပ်နေကြတာလို့ ရှင်းလင်းစွာ မြင်နိုင်ရပါမယ်။ သူ့အလုပ်က မေးဖို့။ ကိုယ့်အလုပ်က ဖြေနိုင်တာကို ဖြေပေးဖို့လို့ နားလည်ကြရပါမယ်။ ကိုယ့်ရဲ့ ဖြေဆိုချက်တွေဟာ ခိုင်မာမှုရှိတယ်ဆိုတဲ့ မီဒီယာတွေရဲ့ လေးစားယုံကြည်မှုကိုလည်း ရအောင် တည်ဆောက်ကြရပါမယ်။ စိတ်ကူးပေါက်ရာ ပြောလို့မဖြစ်သလို၊ အလွဲကြီးတွေကိုလည်း ရယ်စရာအဖြစ်နဲ့တောင် မီဒီယာကို မပြောသင့်ပါဘူး။ ဒါဆိုရင်တော့ မီဒီယာတွေနဲ့ ဆက်ဆံရာမှာ ကိုယ့်ကို ယုံကြည်စိတ်ချရသူအဖြစ် သတ်မှတ်တာကို ခံလာရပါလိမ့်မယ်။ မီဒီယာတွေက သတင်းဆို့စ် (Source) အဖြစ် ကိုယ့်ကို သဘောထားလာပြီဆိုရင် မကြာခဏ လှမ်းမေးကြမယ်။ ဆက်သွယ်လာကြပါလိမ့်မယ်။ ကိုယ့်ရဲ့ စကားပြောရည်မွန်မှုအတတ်ပညာ၊ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်မှုတွေနဲ့ တည်ကြည်ခိုင်မာမှုတွေက မီဒီယာတွေနဲ့ ဆက်ဆံရေးကောင်းသူဆိုတဲ့ ပုံရိပ်ကိုပါ တည်ဆောက်လာနိုင်မှာဖြစ်ပါတယ်။

မီဒီယာတွေနဲ့ အဆင်ပြေချောမွေ့သူ ဆက်ဆံရေးကောင်းသူတစ်ဦးဖြစ်လာရင် မဖြစ်မနေ သတိပြုကြရမယ့် အချက်နှစ်ခုလည်း ရှိပါသေးတယ်။ အဲဒါက ဆက်သွယ်လို့ရခြင်း(Access)နဲ့ ယုံကြည်ရခြင်း(Trust) တို့ဖြစ်ပါတယ်။ မီဒီယာတွေက ကိုယ့်ကို ဆက်သွယ်လို့ရမယ့် လမ်းကြောင်းတွေ ဖန်တီးထားဖို့ လိုအပ်ပါတယ်။ ဒီလိုပဲ မီဒီယာတွေရဲ့ ကိုယ့်အပေါ် ယုံကြည်မှုကို ပျက်စီးစေမယ့် အပြုအမူ အပြောအဆိုတွေမပြုလုပ်မိစေဖို့လည်း သတိပြုကြစေချင်ပါတယ်။ မီဒီယာတွေဟာ ရန်သူတွေ မဟုတ်ဘူး။ မိတ်ဆွေတွေသာ ဖြစ်တယ်ကို ကိုယ်ကစပြီး သတ်မှတ်ဖို့လည်း လိုအပ်ပါတယ်။ ကိုယ်ကစပြီး မီဒီယာတွေကို ချစ်ခင်ခြင်း မပြုလုပ်နိုင်သူဟာ မီဒီယာတွေရဲ့ မိတ်ဆွေဖြစ်လာဖို့ အခွင့်အလန်း နည်းလှပါတယ်။

Democracy Today, 5/290, 25-10-2018