မြန်မာလိုစီမံခန့်ခွဲခြင်း

Pic: Management HQ

စီမံခန့်ခွဲခြင်းဆိုတာ အနုပညာလား။ အတတ်ပညာလားဆိုတဲ့ တွေးဆမှုတွေ ရှိသလို၊ စီမံခန့်ခွဲခြင်းဆိုတာ မွေးရာပါလား၊ သင်ယူတတ်မြောက်နိုင်လားဆိုတဲ့ ဆွေးနွေးမှုတွေလည်း ရှိကြပါတယ်။ စီမံခန့်ခွဲမှုကောင်းသူတွေ ဦးဆောင်တဲ့လုပ်ငန်းတွေဟာ အောင်မြင်မှုတွေရရှိလေ့ရှိပါတယ်။ စီမံခန့်ခွဲမှုအားနည်းသူတွေ ဦးဆောင်တဲ့လုပ်ငန်းတွေမှာတော့ အမှားမှားအယွင်းယွင်းနဲ့ ချွတ်ချော်မှုတွေ ဖြစ်တတ်တာကို တွေ့ရလေ့ရှိပါတယ်။ ဒီအတွက် စီမံခန့်ခွဲခြင်းဆိုတာ ဘာလဲဆိုတဲ့ မေးခွန်းနဲ့အတူ ပညာရှင်များက သုတေသနပြု လေ့လာခဲ့ကြပါတယ်။


စီမံခန့်ခွဲခြင်းဆိုတာကို သိပ္ပံနည်းကျ လေ့လာမှုပြုကြပြီးတဲ့နောက်မှာ ဒါဟာ မွေးရာပါမဟုတ်ဘူး။ သင်ပေးလို့ရတယ်လို့ တွေ့ရှိခဲ့ကြပါတယ်။ သင်ယူတတ်မြောက်နိုင်တယ်လို့ တွေ့ရှိလာတဲ့နောက်မှာ ဒါဟာ လူတိုင်းလုပ်နိုင်တဲ့အရာလို့ သဘောသက်ရောက်လာတဲ့အတွက် စီမံခန့်ခွဲခြင်းဆိုတာ အနုပညာသက်သက် မဟုတ်ဘူး။ အတတ်ပညာဖြစ်တယ်လို့လည်း အများက သတ်မှတ်ခဲ့ကြပါတယ်။ ဒါကြောင့်လည်း စနစ်တကျ သင်ရိုးတွေ၊ စာအုပ်တွေနဲ့ လူအများကို သင်ကြားလေ့ကျင့်ပေးလာကြတာဖြစ်ပါတယ်။ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေမှာလည်း စီမံခန့်ခွဲမှု ဘာသာရပ်နဲ့ ကျောင်းပြီးလာတဲ့ အမ်ဘီအေ(Master of Business Administration) ဘွဲ့ရလာသူတွေဟာ လစာကောင်းကောင်း ရာထူးကြီးကြီးတွေ ရကြတဲ့အတွက် စီမံခန့်ခွဲမှုဘာသာရပ်ကို လေ့လာသင်ယူခြင်းဟာ အထူးပဲ ရေပန်းစားလာနေပါတယ်။


မြန်မာလိုစီမံခန့်ခွဲခြင်းလို့ ပြောလိုက်တော့ မြန်မာတွေရဲ့ စီမံခန့်ခွဲမှု နည်းစနစ်တွေက ဘယ်လိုလဲလို့ စိတ်ဝင်စားကြမှာပါပဲ။ မြန်မာတွေရဲ့ စီမံခန့်ခွဲခြင်းဟာ ကမ္ဘာပေါ်က အမျိုးမျိုးသော စီမံခန့်ခွဲမှုတွေနဲ့ အတူတူပဲဖြစ်ပါတယ်။ မြန်မာတွေဟာ စီမံခန့်ခွဲခြင်း အတတ်ပညာကို တတ်မြောက်ခဲ့ကြတယ်ဆိုတာကို ပုဂံခေတ်က ဘုရားစေတီတွေ တည်ဆောက်ထားတဲ့ နည်းစနစ်တွေကို ကြည့်ရင် သိနိုင်ပါတယ်။ ဗိသုကာပညာရပ်တစ်ခုတည်း ဖွံ့ဖြိုးတိုးတက်ရုံနဲ့ ဒီလို အရွယ်အစားကြီးကြီး လက်ရာကောင်းကောင်း စေတီပုထိုးတွေကို မတည်နိုင်ပါဘူး။ ငွေကြေး၊ ပစ္စည်းများနဲ့ လူတွေကို စီမံခန့်ခွဲ တတ်မှသာ ဒီလိုလုပ်ငန်းတွေဟာ ပြီးမြောက်အောင်မြင်နိုင်မှာဖြစ်ပါတယ်။ မြန်မာလူမျိုးတွေဟာ စီမံခန့်ခွဲခြင်းကို သင်တန်းတွေ သွားတက်စရာမလိုဘဲ အလိုအလျောက် တတ်မြောက်ပြီးသား ဖြစ်နေတယ်လို့ ထပ်ပြောရင် အများက ယုံကြည်ကြမယ် မဟုတ်ပါဘူး။ တကယ်တော့ မြန်မာဘာသာစကားရဲ့ ထူးခြားချက်ကြောင့် မြန်မာလူမျိုးတွေဟာ စီမံခန့်ခွဲမှုကို မသင်မီက တတ်နှင့်နေတယ်လို့တောင် ပြောချင်ပါတယ်။


မြန်မာဘာသာစကားမှာ စာလုံးတွေစုပေါင်းလိုက်မှ အဓိပ္ပါယ်ရှိတဲ့ စကားလုံးတွေရှိသလို၊ အဓိပ္ပါယ်တစ်ခုချင်းစီရှိတဲ့ စကားလုံးအများကို တွဲစပ်ထားတဲ့ စကားလုံးတွေလည်း ရှိပါတယ်။ မြန်မာစကား သောက်ရေအိုး ဆိုတာကို တစ်လုံးစီ စဉ်းစားကြည့်ရင် သောက်ရန်၊ ရေ၊ ထည့်ထားတဲ့ အိုး လို့ အဓိပ္ပါယ်ရပါတယ်။ စာလုံး သုံးလုံးကို တွဲထားတာဖြစ်ပါတယ်။ လေယာဉ်ပျံ ဆိုလည်း ဒီလိုပါပဲ။ လေထဲတွင်၊ ပျံ၍ရသော၊ ယာဉ် လို့ နားလည်ကြပါတယ်။ ဒီလိုပါပဲ စီမံခန့်ခွဲ တယ်ဆိုတဲ့ စကားလုံးဟာလည်း အဓိပ္ပါယ်ပြည့်ဝတဲ့ စာလုံးတွေကို တွဲစပ်ထားတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာလူမျိုးတွေအနေနဲ့ စီမံခန့်ခွဲခြင်းဆိုတာ ဘာလဲဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ သီဝရီတွေကို အလွတ်ကျက်မှတ်နေစရာမလိုဘဲ စကားလုံးတစ်လုံးချင်းကို စဉ်းစားလိုက်တာနဲ့ အခြေခံကို နားလည်ပြီး ကိုယ်လုပ်ရမယ့် လုပ်ငန်းစဉ်ကို သိရှိဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။


စီမံခန့်ခွဲ ဆိုတာ စကားလုံး လေးခုကို တွဲထားတာဖြစ်ပါတယ်။
စီ ဆိုတာက စီစဉ်ခြင်းဖြစ်ပါတယ်။
မံ ဆိုတာက မွမ်းမံခြင်းဖြစ်ပါတယ်။
ခန့် ဆိုတာက ခန့်ထားခြင်းဖြစ်ပါတယ်။
ခွဲ ဆိုတာက ခွဲဝေခြင်းဖြစ်ပါတယ်။


ပထမဆုံး စီဆိုတဲ့ စီစဉ်ခြင်းဆိုတာမှာ စီတာနဲ့ စဉ်တာလို့ ထပ်ခွဲလို့ရပါတယ်။ လုပ်ငန်းတစ်ခုကို စလုပ်တော့မယ်ဆိုရင် ဘာတွေလုပ်ရမလဲ၊ ဘာတွေလိုအပ်မလဲဆိုတာကို ပထမဆုံး စဉ်းစားကြရပါမယ်။ စဉ်းစားလို့ရသမျှကို တန်းစီပြီး ချရေးရပါမယ်။ ပြည့်စုံပြီလို့ ယူဆရင် အဲဒီ အလုပ်တွေထဲမှာ ဘယ်အလုပ်တွေက အရင် ဦးစားပေးလုပ်ရမယ်။ ဘယ်အလုပ်တွေက အတူတူတွဲလုပ်ရမယ်။ ဘယ်အလုပ်တွေကတော့ဖြင့် ရှေ့အလုပ်တွေပြီးမှ အကောင်အထည်ဖော်လို့ရမယ်ဆိုတာမျိုး ဦးစားပေးတွေ ပြန်စဉ်ရပါမယ်။ ဒါဟာ စီတာနဲ့ စဉ်တာပဲ ဖြစ်ပါတယ်။


ဥပမာပြောရရင် အခမ်းအနားတစ်ခု ပြုလုပ်မယ်ဆိုကြပါစို့။ ဖိတ်စာစီစဉ်ရမယ်။ စင်ဆောက်ရမယ်။ စင်နောက်ခံမှာ အခမ်းအနာအမည် နောက်ခံစာတန်းလိုမယ်။ စကားပြောသူရှေ့မှာထားတဲ့ စကားပြောခုံလိုမယ်။ အသံဖမ်းမိုက်လိုက်မယ်။ အသံထွက်ဖို့ စပီကာတွေနဲ့ အသံစနစ်လိုမယ်။ အလံတွေ လိုမယ်။ ပရိသတ်အတွက် ထိုင်ခုံတွေလိုမယ်။ အခမ်းအနားအစီအစဉ်လိုမယ်။ အဖွင့်၊ အပိတ် မိန့်ခွန်းရေးထားဖို့ လိုမယ်။ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်ဖို့လိုမယ်။ လုံခြုံရေးလိုမယ်။ ပန်းအလှပြင်ဖို့လိုမယ်။ စသဖြင့် လိုအပ်မယ်ထင်သမျှ အလုပ်တွေနဲ့ ပစ္စည်းတွေကို တန်းစီပြီး ချရေးတာဟာ စီ တာ ဖြစ်ပါတယ်။


အဲဒီအလုပ်တွေထဲမှာမှ စကားပြောခုံကို အရင်ချမှာလား။ စင်ကို အရင်ဆောက်မှာလား။ ပြန်ပြီး စဉ် ဖို့ လိုပါတယ်။ ဖိတ်စာကိုအရင်အပ်ရမယ်။ အခမ်းအနားမစခင်ကတည်းက ကြိုဖိတ်ရမှာလေ။ စင်မြင့်ဆောက်တာနဲ့ လမ်းတလျှောက်အလံတွေစိုက်ဆိုတာမျိုးကို တပြိုင်တည်းလုပ်လို့ရပါတယ်။ အဲဒီလို ဆောက်နေချိန်မှာ စင်ရဲ့နောက်ခံမှာ ကပ်မယ့် နောက်ခံစာသားကိုလည်း လုပ်မယ့်သူဆီ အပ်ထားမယ်။ စင်ဆောက်လို့ပြီးသွားရင် စကားပြောခုံတွေ နေရာချမယ်။ အဲဒါတွေပြီးရင် ပရိသတ်ခုံတွေ ချမယ်။ ပန်းအလှတွေပြင်မယ်။ ပြီးရင် စကားပြောမိုက်နဲ့ အသံစနစ်ကို တပ်ဆင်မယ်။ အဲဒီအချိန်မှာ တပြိုင်တည်း အဖွင့်၊ အပိတ် မိန့်ခွန်းတွေကို ရေးသားမယ်။ စသဖြင့် လုပ်ငန်းတွေကို လုပ်ငန်းအမျိုးအစားနဲ့ လုပ်ငန်းသဘာဝပေါ်မူတည်ပြီး အရင်လုပ်ရမှာ နောက်လုပ်ရမှာတွေ၊ တပြိုင်တည်းလုပ်ရမှာတွေကို ဆောင်ရွက်နိုင်ကြဖို့အတွက် လုပ်ငန်းစဉ်တွေကို စဉ်ကြရပါမယ်။ ဒါကိုလည်း စာရွက်ပေါ်မှာ ရေးသားကြရမှာဖြစ်ပါတယ်။ ဒါဟာ စီစဉ်ခြင်းဖြစ်ပါတယ်။


ဒုတိယအဆင့် မံ ဆိုတာက မွမ်းမံခြင်း ဖြစ်ပါတယ်။ ဘာတွေလုပ်မယ်လို့ စဉ်းစားစီစဉ်ထားတာတွေကို အများနဲ့တိုင်ပင်ဆွေးနွေးပြီး ပိုကောင်းအောင် ဘယ်လို လုပ်ကြမလဲလို့ တိုင်ပင်ရမယ့် အဆင့်ဖြစ်ပါတယ်။ ပိုကောင်းတဲ့ ပစ္စည်းမရနိုင်တော့ဘူးလား။ ပိုဈေးသက်သာတာ မရှိနိုင်ဘူးလား။ ပိုအဆင်ပြေမယ့်နည်းလမ်း ရှိသေးလား။ ဒီလိုမျိုး မေးခွန်းတွေ ထုတ်ပြီး တစ်ဦးတစ်ယောက်စတင်စဉ်းစားထားတဲ့ လုပ်ငန်းစဉ်ကို အများက ပိုကောင်းမယ့် အကြံဉာဏ်တွေ ဖြည့်စွက်စဉ်းစားကြ။ တိုင်ပင်နှီးနှောကြရပါမယ်။ ဒါဟာ မွမ်းမံခြင်းဆိုတဲ့ အဆင့်ပဲဖြစ်ပါတယ်။


ဥပမာပြောထားတဲ့ အခမ်းအနားစီစဉ်ခြင်းကိုပဲ ပြန်ပြောရရင်။ အခမ်းအနား ပိုပြီး ကောင်းမွန်စေမယ့် အကြံဉာဏ်တွေ အများနဲ့ တိုင်ပင်ကြရမယ့် အဆင့်ဖြစ်ပါတယ်။ အခမ်းအနားမှာ ဟောပြောမယ့် အစီအစဉ်ကို ဘယ်လိုလုပ်မယ်။ ကပြဖျော်ဖြေတာကို ဘယ်လိုတွေ ထည့်မယ်။ ဖဲကြိုးဖြတ်ဖို့တွေ လိုအပ်သေးလား။ ဂုဏ်ပြုချီးမြှင့်တဲ့ အစီအစဉ်တွေ ထည့်သင့်သလား။ နောက်ခံကို သာမန်စာလုံးပဲ သုံးမှာလား။ ရွှေမှင်ငွေမှင်တွေ ဖြူးဖို့လိုသေးလား။ ဓါတ်ပုံသုံးဖို့ လိုရင် ဘယ်သူ့ပုံတွေ သုံးမယ်။ ဘယ်လိုပုံမျိုး ဖြစ်သင့်တယ်။ စသဖြင့် မူလ စဉ်းစားထားတဲ့ အစီအစဉ်ကို ပိုကောင်းမယ့် အကြံဉာဏ်တွေ ထပ်ဖြည့်ကြရမယ့် မွမ်းမံဆိုတဲ့ အဆင့်ဖြစ်ပါတယ်။


တတိယအဆင့်ကတော့ ခန့် ဆိုတဲ့ ခန့်ထားခြင်း အဆင့်ဖြစ်ပါတယ်။ လုပ်ငန်းစီမံချက် ပထမအဆင့် ရေးဆွဲတယ်။ ပိုကောင်းအောင် အများရဲ့ အကြံဉာဏ်တွေ ညှိနှိုင်းယူလိုက်ပြီဆိုရင် ဒီလုပ်ငန်းကြီးကို ဆောင်ရွက်ဖို့ လူဘယ်နှစ်ယောက်လိုတယ်ဆိုတဲ့ ခန့်ထားရေးကိစ္စတွေ ပေါ်လာပါပြီ။ လိုအပ်တဲ့ လူအရေအတွက်ကို ခေါ်ယူအသုံးပြုကြရမှာဖြစ်ပါတယ်။ ဒီနေရာမှာ အရေးကြီးတာက လိုအပ်တာထက် လူပိုမသုံးဖို့လိုသလို၊ လိုအပ်သလောက် လူပြည့်မသုံးမိတတ်တာမျိုးလည်း မဖြစ်အောင် ဂရုစိုက်ရပါမယ်။ သင့်တော်မျှတတဲ့ အရေအတွက် ဖြစ်ကိုဖြစ်ရပါမယ်။ အဲဒီလိုပဲ အရည်အချင်း သတ်မှတ်ချက်တွေလည်း တစ်ခါတည်း ထည့်သွင်းစဉ်းစားရပါမယ်။ ဘယ်အလုပ်ကို လုပ်နိုင်သူ ဘယ်နှစ်ဦးလိုတယ်ဆိုတာမျိုးကို တွက်ချက်ခေါ်ယူရပါမယ်။


အခမ်းအနားအနေနဲ့ပဲ ပြန်စဉ်းစားကြည့်ရင်။ အခမ်းအနားမှူး လုပ်မယ့်သူ နှစ်ဦးလိုမယ်။ ကြိုဆိုဧည့်ခံတာ တစ်ဆယ်ဦးလိုမယ်။ အသံပိုင်းဆိုင်ရာ သုံးဦးလိုမယ်။ ကျန်းမာရေးစောင့်ရှောက်တာ နှစ်ဦးလိုမယ်။ လုံခြုံရေးက နှစ်ဆယ်ဦးလိုမယ်။ အခမ်းအနားပြင်ဆင်တဲ့အချိန်မှာ အထွေထွေ အလုပ်သမားက နှစ်ဆယ်ဦးလိုမယ်။ စသဖြင့် ကိုယ်လုပ်မယ်လို့ စဉ်းစားထားတဲ့ လုပ်ငန်းတွေပေါ် မူတည်ပြီးလူဦးရေ လိုအပ်ချက်ကို တွက်ချက်ကြရပါမယ်။ ဒါဟာ ခန့်ထားဆိုတဲ့ အဆင့်ပဲဖြစ်ပါတယ်။


နောက်ဆုံးအဆင့်ဖြစ်တဲ့ ခွဲ ဆိုတာက ခွဲဝေခြင်း ဖြစ်ပါတယ်။ ဘာကို ခွဲဝေကြမှာလည်းဆိုတော့ အလုပ်တာဝန်ကို ခွဲဝေကြရမှာဖြစ်ပါတယ်။ လုပ်ငန်းတွေကို စီစဉ်တယ်။ ပိုကောင်းမှာတွေကို မွမ်းမံတယ်။ လိုအပ်မယ့် လူဦးရေကို တွက်ချက်ခေါ်ယူမယ်။ ဒါပေမယ့် ဒီလူတွေကို ဒီအတိုင်း လွှတ်ထားလို့မရပါဘူး။ တစ်ဦးချင်းတစ်ယောက်ချင်းပဲဖြစ်ဖြစ်၊ တစ်ဖွဲ့ချင်း တစ်သင်းချင်းပဲဖြစ်ဖြစ်မှာ တိကျတဲ့ တာဝန်ခွဲဝေမှု ရှိရပါမယ်။ ဘယ်သူက ဦးဆောင်ရမယ်။ ဘယ်သူက ဘယ်ကိစ္စကို တာဝန်ခံရမယ်။ ဘယ်သူတွေက ဘယ်သူ့ကို သတင်းပို့ရမယ်ဆိုတဲ့ တာဝန်ခွဲဝေမှုက အရေးကြီးလှပါတယ်။ ဒီလို တာဝန်တွေ သတ်မှတ်ခွဲဝေပေးလိုက်ခြင်းဟာ အလုပ်တွင်ခြင်းသာမကဘဲ အလုပ်တစ်ခုကို နှစ်ယောက်လုပ်မိနေတာ။ အလုပ်တာဝန်ဆောင်ရွက်ရာမှာ သူလုပ်မလိုလို ငါလုပ်မလိုလိုနဲ့ လစ်ဟာမှုမဖြစ်တာ၊ မျက်နှာရမယ့်အလုပ်တစ်ခုကိုပဲ အားလုံးက လုလုပ်နေတာမျိုးတွေ မဖြစ်တော့ပါဘူး။ ဒီလိုမျိုး တာဝန်ခွဲဝေတဲ့နေရာမှာ လူမှန်နေရာမှန်ဖြစ်ဖို့ကတော့ အရေးအကြီးဆုံးပဲဖြစ်ပါတယ်။


အခမ်းအနားကျင်းပခြင်းကိုပဲ ပြန်ဆက်ရရင် အခမ်းအနားအတွက် သက်ဆိုင်ရာ ကော်မတီလေးတွေ ဖွဲ့ပေးတာ။ ကော်မတီအလိုက် ခေါင်းဆောင်တွေရွေးချယ်ပေးတာ။ ကော်မတီတွေမှာ ပါဝင်သင့်သူတွေကို စိစစ်ထည့်သွင်းပေးတာမျိုးတွေဟာ တာဝန်ခွဲဝေတဲ့ လုပ်ငန်းစဉ်ပဲဖြစ်ပါတယ်။


အချုပ်ပြောရမယ်ဆိုရင်တော့ မြန်မာလူမျိုးတွေအတွက် စီမံခန့်ခွဲခြင်းဆိုတာဟာ စကားလုံးကို ကြားတာနဲ့တင် လုပ်တတ်နေပြီးသားလို့ ပြောရမှာဖြစ်ပါတယ်။ စီမံခန့်ခွဲမှုနယ်ပယ်ကို ရောက်ရှိနေသူတွေအနေနဲ့ နိုင်ငံတကာက စီမံခန့်ခွဲမှုစည်းမျဉ်းစည်းကမ်းတွေနဲ့ ဆောင်ရွက်နေကြတာကို လေ့လာအတုယူရမှာဖြစ်သလို၊ ကျွန်တော်တို့ရဲ့ ဘိုးဘေးတွေ ချန်ထားခဲ့တဲ့ စီမံခန့်ခွဲ ဆိုတဲ့ စကားလုံးလေးလုံးကို အသုံးပြုပြီးတော့လည်း ကိုယ်တာဝန်ယူရတဲ့လုပ်ငန်းတွေကို အောင်မြင်စွာ ဆောင်ရွက်နိုင်ဖို့လိုပါတယ်။ ဘာဘွဲ့ကြီး ဘယ်တက္ကသိုလ်က ရမှသာ စီမံခန့်ခွဲတတ်လိမ့်မယ်လို့ မယူဆပါနဲ့။ ကျွန်တော်တို့အတွက်တော့ မြန်မာလိုစီမံခန့်ခွဲတတ်ရင်လည်း အတော်လေး အလုပ်ဖြစ်နေပြီဖြစ်ပါတယ်။

တခါက ကာတွန်းကိုရွှေထူးရဲ့ ကာတွန်းလေးတစ်ခုလည်း အမှတ်ရမိပါသေးတယ်။ ကာတွန်းထဲမှာ မန်နေဂျာအမျိုးသားက မျက်နှာကြီးတင်းလို့ ယောက်ျားလေးဝန်ထမ်းတွေကို တန်းစီပြီးဆူနေတဲ့ပုံဆွဲထားပါတယ်။ အောက်ကစာသားက စီပြီး မာန်ရမယ်တဲ့။ နောက်တစ်ပုံမှာ မိန်းကလေးဝန်ထမ်းလေးတွေကို စကတ်အတိုနောက်ကွဲလေးတွေနဲ့ ဆွဲထားပြီး ခန့်ပြီး ခွဲရမယ်လို့ စာရေးထားပါတယ်။ မြန်မာလို စီမံခန့်ခွဲခြင်းဆိုတာ စီစဉ်ခြင်း၊ မွမ်းမံခြင်း၊ ခန့်ထားခြင်းနဲ့ တာဝန်ခွဲဝေပေးခြင်းလို့သာ မှတ်ယူကြစေချင်ပါတယ်။ ကာတွန်းထဲကလိုတော့ မမှတ်ယူကြစေချင်ပါ။


Democracy Today, 5/346, 20-12-2018