မှားခွင့်ဟာ လူ့အခွင့်အရေးတစ်ရပ်မဟုတ်

မှားတတ်တာ လူ့သဘာဝပေမယ့် မှားခွင့်ကိုတော့ လူ့အခွင့်အရေးတစ်ရပ်အဖြစ် အသုံးပြုလို့မရပါဘူးတဲ့။ ဆရာကြီးဒေါက်တာဆန်းထွန်းက သူဖတ်ဖူးတဲ့ ဒီစာသားလေးကို ကျွန်တော်တို့ကို ပြောပြပါတယ်။

အမှားနဲ့ပတ်သက်ရင် မှတ်မှတ်ရရ ရှိတာလေးတွေ ရှိပါတယ်။ ကျွန်တော်တို့ တက္ကသိုလ်တက်တုန်းက ကိုတာရဲ့ စာတွေကို မပြတ်တမ်း ဖတ်ခဲ့ရတယ်။ ဖြန့်ထွက်တွေးခြင်းတို့ ဘာတို့ပေါ့။ အဲဒီမှာ ပထမဆုံး ဖတ်ခဲ့ဖူးသလို ခုထိ သတိရနေတဲ့ အမှားအကြောင်းလေးကို သတိရမိတယ်။ လူတွေဟာ မလုပ်သင့်တာတွေ လုပ်မှ မှားတာမဟုတ်ဘူး။ လုပ်သင့်တာတွေကို မလုပ်ရင်လည်း မှားတာပဲတဲ့။ ဟုတ်တာပဲဆိုပြီး အတွေးတွေ အရှည်ကြီး ဖြစ်သွားခဲ့ဖူးတယ်။ ဘဝမှာ လုပ်သင့်တာတွေ ဘယ်လောက်တောင် မလုပ်ခဲ့မိပါလိမ့်လို့ တနံတလျားလည်း စဉ်းစားရင်း နောင်တတွေ ဘာတွေ ရခဲ့မိသေးတယ်။

နောက်တော့ တာရာမင်းဝေရဲ့ သုဘရာဇာနဲ့ ဂီတပညာရှင်တို့ပါဝင်တဲ့ ဝတ္ထုတိုလေး တစ်ပုဒ်ကို ဖတ်ရပြန်တယ်။ မြို့တစ်မြို့က သင်္ချု ိင်းမှာ ကြောက်စရာကောင်းတဲ့ မြေကျင်းကြီးတွေ အလိုလိုပေါ်လာတဲ့အတွက် သုဘရာဇာလေးက ဒီလိုကျင်းမျိုးထဲမှာ လူယုတ်မာတွေကို မြှုပ်ပစ်မယ်ဆိုပြီး ဆုံးဖြတ်ခဲ့သတဲ့။ ဒါပေမယ့် ကာလတစ်ခုကြာတဲ့အထိ ဒီကျင်းထဲကို ထည့်ရလောက်တဲ့ လူယုတ်မာအလောင်းတွေ ရောက်မလာခဲ့ဘူး။ လူတိုင်းက ဆိုးကွက်ရှိသလို ကောင်းကွက်ရှိတယ်။ ယုတ်မာတယ်ဆိုပေမယ့် အဆုံးစွန်ဆုံး ယုတ်မာတဲ့လူတွေ မဟုတ်တော့ မြှုပ်မရဘဲ တခြားကျင်းတွေထဲမှာပဲ မြှုပ်ခဲ့ရသတဲ့။ 

ဒါကြောင့် ဒီကျင်းထဲမှာ မြှုပ်သင့်တဲ့လူကို လိုက်ရှာတဲ့အခါမှာ ကျွဲချိုတူရိယာကို မှုတ်နေတဲ့ ဂီတပညာရှင်ကို သွားတွေ့တယ်။ သူက ရိုးရိုး မမှုတ်ဘူး။ ကျွဲအုပ်ကို မှုတ်ပြနေတာတဲ့။ အဲလို မှုတ်တဲ့အခါမှာလည်း ဒီကျွဲအုပ်ထဲက သေသွားတဲ့ ခေါင်းဆောင်ကျွဲကြီးရဲ့ ချိုကို တူရိယာလုပ်ပြီး မှုတ်ပြနေတာတဲ့။ ကျွဲတွေက အထိတ်ထိတ်အလန့်လန့်ဖြစ်နေတာကို ကြည့်ပြီး သုဘရာဇာလေးက ဂီတပညာရှင်ကို မကျေနပ်လို့ တုတ်နဲ့ ဝင်ရိုက်တယ်။ အဲဒီ ရိုက်မှုနဲ့ပဲ တရားရုံးကို ရောက်သွားခဲ့တယ်။ တရားသူကြီးက လျှောက်လဲချက်ကို နားထောင်ပြီး သုဘရာဇာလေးက မည်သို့ပင်ဆိုစေကာမူ ဥပဒေအရ ရိုက်နှက်တဲ့လူမှာ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ဝတ္ထုတိုထဲမှာ ဇာတ်ကောင်နှစ်ကောင်က ဒီအဖြစ်အပျက်မယ် ဘယ်သူရှုံးသလဲလို့ ဆွေးနွေးကြတယ်။ ဂီတပညာရှင်သေရင် သုဘရာဇာလေးက ကြောက်စရာကောင်းတဲ့ မြေကျင်းထဲကို ထည့်ပစ်လိုက်မှာပဲ။ ဒါပေမယ့် ဂီတပညာရှင်က အနုပညာသမားဆိုတော့ ဘယ်ကျင်းထဲထည့်ထည့် ဂရုစိုက်မှာ မဟုတ်လို့ ရှုံးတယ်ပြောမရဘူးတဲ့။ ဒီအဖြစ်အပျက်မှာ တရားသူကြီးက ရှုံးသတဲ့။ ဥပဒေအတိုင်း ဆုံးဖြတ်ပေမယ့် သူ့ကို သုဘရာဇာလေးက မတရားသူကြီးလို့ ယူဆသွားတာမို့ ကြောက်စရာမြေကျင်းထဲကို လူယုတ်မာအဖြစ် ထည့်အမြှုပ်ခံရလိမ့်မယ်လို့ ဆိုပါတယ်။

ဒါလေးဖတ်မိပြန်တော့ မလုပ်သင့်တာလုပ်တဲ့လူတွေမှားတယ်။ လုပ်သင့်တာ မလုပ်ရင်လည်း မှားတယ်။ အဲ… လုပ်သင့်တာလုပ်ပေမယ့်လည်း မှားတယ်လို့ သတ်မှတ်ခံရတာမျိုးတွေ ရှိပါလားလို့ အတွေးထပ်ဖြစ်တယ်။

သခင်တင်မြကို (ကို)မြတ်ခိုင်က မေးခဲ့တယ်။ အန်ကယ်တို့ ခေတ်မှာ နိုင်ငံရေးအကွဲအပြဲတွေဖြစ်ကြတယ်။ လုပ်ကြံမှုတွေဖြစ်ကြတယ်။ လက်နက်ကိုင်တော်လှန်ရေးတွေ စကြတယ်။ အဲဒီအမှားတွေ ဘာကြောင့် လုပ်ကြသလဲတဲ့။ သခင်တင်မြက လွတ်လပ်ရေးကြိုးပမ်းတဲ့ကာလမှာ ကျုပ်တို့တွေက ငယ်ကြသေးတယ်။ အသက်နှစ်ဆယ်ကျော်တွေမို့ မှားကြတယ်လို့ ပြန်ဖြေခဲ့တယ်။

ဒါကိုပဲ (ကို)မြတ်ခိုင်က ဆရာကြီးဒဂုန်တာရာကို ပြောပြပြီး ဟုတ်သလားလို့ ထပ်မေးပါတယ်။ ဆရာကြီးက လက်မခံပါဘူး။ နိုင်ငံရေးမှာ အသက်ငယ်လို့ မှားကြတယ်ဆိုတာ မရှိရဘူးလို့ ဆိုပါတယ်။

လူ့သဘာဝအရ မှားတတ်ကြပါတယ်။ ဒီအတွက် ကိုယ်မှားတာကို ဘယ်လိုမှမနေ ကိုယ့်ဖာသာဖြေသိမ့်ခွင့်လွှတ်နေလို့မရပါ။ မှားရင် ပြင်ကြရပါမယ်။ မမှားအောင် ဂရုစိုက်ကြရပါမယ်။ မှားခွင့်ဆိုတာ ငါတို့မှာ အမြဲရှိတယ်လို့ အမှားလုပ်ခွင့်ကိုပဲ လူ့အခွင့်အရေးတစ်ရပ်အဖြစ် ခံယူကျင့်သုံးနေရင် ဘယ်တော့မှ အမှန်ရောက်ကြမယ် မဟုတ်ပါ။

ကျွန်တော်တို့ပတ်ဝန်းကျင်ကို သတိပြုကြည့်ဖြစ်ရင် မလုပ်သင့်တာတွေလုပ်ရင်း မှားနေကြသူတွေ တွေ့ရပါလိမ့်မယ်။ မကောင်းမှုလုပ်သူတွေ ရှိတယ်။ ဥပဒေမဲ့လုပ်ရပ်တွေ လုပ်နေသူတွေ ရှိတယ်။ လာဘ်ပေးလာဘ်ယူနဲ့ ချမ်းသာကြွယ်ဝနေသူတွေရှိတယ်။ ကိုယ်ကျိုးအတွက် ကျန်တဲ့လူတွေ ဒုက္ခဘယ်လောက်ရောက်ရောက် ဂရုမစိုက်တဲ့လူတွေ ရှိတယ်။

ထပ်ကြည့်ရင် လုပ်သင့်တာတွေကို မလုပ်လို့ မှားနေတဲ့လူတွေလည်း တွေ့ရပါလိမ့်မယ်။ ကိုယ်တာဝန်ယူထားတာကို ကျေပွန်အောင် မလုပ်ဘူး။ ကိုယ့်မှာတာဝန်ရှိတာကို အပြည့်အဝမလုပ်ဘူး။ လုပ်ခလစာ ယူထားပြီးရင် ထိုက်သင့်အောင် ပြန်လုပ်မပေးဘူး။ ပြည်သူ့ဝန်ထမ်းဖြစ်ပြီး ပြည်သူကို အကျိုးမပြုဘူး။ အဲဒီလိုပဲ တိုင်းပြည်ကောင်းအောင် လုပ်ပေးနိုင်တဲ့ ရာထူးအာဏာတွေ ရှိပါလျက် ဝေ့လည်ကြောင်ပတ်တွေလုပ်နေတဲ့ လူတွေလည်း ပါတာပေါ့။

လုပ်သင့်တာကို လုပ်နေပါလျက်နဲ့ မှားတယ်လို့ သတ်မှတ်ခံရသူတွေလည်း ရှိတယ်။ မတရားမှုကို ခံစားနေရသူတွေဘက်က ရပ်တည် ဆန္ဒပြမိတဲ့သူတွေ။ လူနည်းစုအခွင့်အရေးကို ထုတ်ပြောမိတဲ့သူတွေ။ ဘာသာတရားရဲ့ အေးချမ်းမှုကို တလွဲမသုံးဖို့ ဆော်သြမိတဲ့သူတွေ။ တိုင်းသူပြည်သားတွေ ဒုက္ခမရောက်စေချင်တော့လို့ လူထုကို လမ်းပေါ်ဆွဲတင်တဲ့နည်းလမ်းကို မသုံးတော့ဘဲ တရားဥပဒေဘောင်အတွင်းက ကြိုးစားနေတဲ့လူတွေ။ တွေ့ကြမှာ မနည်းပါဘူး။

မှားတယ်လို့ သူများက စွပ်စွဲသတ်မှတ်ချင် သတ်မှတ်ပါစေ။ လုပ်သင့်တာတွေကိုတော့ လုပ်ကြရပါလိမ့်မယ်။ အမှားအမှန်ကို သမိုင်းက ဆုံးဖြတ်ပါလိမ့်မယ်။ အဲဒီကျရင်လည်း ကိုယ်မှားခဲ့ရင် မှားခဲ့တယ်လို့ ရဲရဲရင့်ရင့် ထုတ်ဖော်ဝန်ခံကြတာပေါ့။ အသက်ငယ်လို့ မှားတယ်ဆိုတာမျိုး အကြောင်းပြချက် လွယ်လွယ်ပေးပြီး မမှားသင့်သလို၊ မှားတတ်တာ လူ့သဘာဝပဲလေဆိုပြီးတော့ လူ့အခွင့်အရေးတစ်ရပ်အဖြစ်လည်း မကျင့်သုံးမိဖို့လိုပါတယ်။