သက်သတ်လွတ်စီးပွားရေး (အပိုင်း ၂)

ထိုင်းနိုင်ငံဘန်ကောက်မြို့က နာမည်ကျော် ပါရာဂွန်ကုန်တိုက်ကို ရောက်ခဲ့တုန်းက ဗီဂန်(Vegan)တွေအတွက် သီးသန့်စားသောက်ဆိုင်ကို တွေ့ခဲ့ရတယ်။ ဗီဂန်ဆိုတာက အသားမစားရုံတင်မဟုတ်ဘူး တိရိစ္ဆာန်ထွက်ပစ္စည်းတွေ ဘာကိုမှ မစားသောက် မသုံးစွဲကြဘူး။ ဒါကြောင့် ကြက်ဥတို့ နွားနို့တို့ကိုလည်း မစားကြဘူး။ အဲဒီ စားသောက်ဆိုင်မှာ ကြက်ဥမပါဘဲ ဖုတ်ထားတဲ့ ကိတ်မုန့်တွေရတယ်။ နွားနို့ကနေ ထုတ်လုပ်တာမဟုတ်တဲ့ ဒိန်ခဲနဲ့ ဒိန်ချဉ်ရတယ်။ တခြားအသီးအရွက် စားသောက်စရာတွေလည်း အများကြီးပဲ။ အများစုကတော့ အနောက်တိုင်းစတိုင် အစားအသောက်တွေဖြစ်ပါတယ်။ အစားအသောက်တွေက အရသာရှိရုံတင်မဟုတ်ဘဲ အပြင်အဆင်ကလည်း တကယ့်ကို နာမည်ကြီးစားသောက်ဆိုင်ကြီးတွေက စားပွဲတွေအတိုင်း ပြင်ဆင်ထည့်ပေးတာကို တွေ့ရပါတယ်။ သက်သတ်လွတ်ဆိုင်မို့လို့ လူနည်းမယ်လို့ မထင်ပါနဲ့။ နိုင်ငံခြားသားတွေရော ထိုင်းလူမျိုးတွေရော အပြည့်ပါပဲ။

သက်သတ်လွတ်စားသောက်ခြင်း တနည်းအားဖြင့် အသီးအရွက်စားသုံးခြင်းဆိုတာက အခုနောက်ပိုင်းမှာ ယဉ်ကျေးမှုတစ်ခုလို ဖြစ်လာပါတယ်။ အိုင်တီနည်းပညာတွေ တိုးတက်လာမှုနဲ့အတူ လူတိုင်းအပေါ်မှာ အလုပ်တွေရဲ့ ဖိစီးမှုတွေ ပိုများလာကြတယ်။ ဒီလိုပဲ စားသောက်ကုန်ထုတ်လုပ်သူတွေကလည်း အစားအသောက်တွေကို အရောင်လှအောင် အရသာထူးအောင် ဓါတုပစ္စည်းတွေ အသုံးပြုမှုတွေများလာကြတယ်။ အလုပ်ကြောင့်ပဲဖြစ်ဖြစ် ဓါတုပစ္စည်းတွေကြောင့်ပဲဖြစ်ဖြစ် လူတွေဟာ ကျန်းမာရေးထိခိုက်လာကြတယ်။ အနည်းဆုံးတော့ ခေါင်းတစ်ခြမ်းကိုက်တယ်ဆိုတာမျိုးကို လူအတော်များများက ခံစားလာကြတယ်။ အသီးအရွက်စားခြင်းက ကျန်းမာရေးနဲ့ ပိုပြီး ညီညွတ်တယ်လို့ ရှုမြင်လာကြတယ်။ ဒီအတွက် အသီးအရွက်စားသူ၊ ဗက်ဂျီတေးရီးယန်းတွေဟာ ကမ္ဘာပေါ်မှာ ပိုပိုတိုးလာခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ လူသန်းပေါင်း ၃၇၅သန်းကျော်လောက်က ဗက်ဂျီတေးနီးယန်းတွေ ဖြစ်နေပြီလို့ ၂၀၁၄ ခုနှစ်က ကောက်တဲ့ စစ်တမ်းတစ်ခုက ဆိုပါတယ်။ အခုဆို ဒီထက် ပိုနိုင်တာပေါ့။ ဒီလို အသီးအရွက်ကိုပဲ စားတဲ့ ဗက်ဂျီတေးရီးယန်းတွေဟာ ခရီးတွေလည်း ထွက်နေကြတာမို့လို့ ကမ္ဘာ့ခရီးသွား တိုးရစ်တွေထဲမှာလည်း အများအပြား ပါဝင်နေမှာ သေချာလှပါတယ်။ ဒါကြောင့်လည်း ထိုင်းနိုင်ငံက သက်သတ်လွတ်စားသောက်ဆိုင်မှာ လူတွေ ပြည့်နေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံကိုလာကြတဲ့ နိုင်ငံခြားသား ခရီးသွား ဧည့်သည်တွေထဲမှာ ဗက်ဂျီတေးရီးယန်းတွေ ပါလာတဲ့အခါ ဧည့်လမ်းညွှန်တွေအနေနဲ့ အစားအသောက် စီစဉ်ရတာ အခက်အခဲတချို့ရှိတယ်လို့ ကြားရပါတယ်။ သက်သတ်လွတ်ကန်စွန်းရွက်ကြော်မှာတာကို ခရုဆီထည့်ကြော်လာတာ ကိုယ်တွေ့ကြုံဖူးပါတယ်။ ဆိုင်ကို ခရုဆီမထည့်ဖို့ ပြောပေမယ့် ပါဖြစ်အောင် ပါလာတဲ့အတွက် စားပွဲထိုးကို ထပ်ခေါ် ပြောတဲ့အခါမှာ စားဖိုမှူးကိုယ်တိုင် ထွက်လာပြီး ရှင်းပြပါတယ်။ ခရုဆီမထည့်ရင် အရသာမရှိလို့ပါတဲ့။ တစ်ခါကလည်း မိတ်ဆွေတစ်ယောက်က သီးရွက်စုံကြော် သက်သတ်လွတ်ဆိုပြီးမှာတာကို ကြက်သားမှုန့်ဖြူးလွှတ်လိုက်လို့ ဆိုင်နဲ့ အခြေအတင် အတော်လေး ပြောဆိုခဲ့ရပါတယ်။ ကျွန်တော်တို့ဆီက ပြည်တွင်းစားသောက်ဆိုင်တွေဟာ သက်သတ်လွတ်ဆိုတာကို အသေအချာကို နားမလည်တဲ့ ပြဿနာရှိသလို၊ သက်သတ်လွတ်လို့ မှာလိုက်တာကို အလေးအနက် မထားကြတဲ့ သဘောတွေပဲဖြစ်ပါတယ်။ သူများနိုင်ငံတွေမှာဆိုရင် ကြော်လှော်ချက်ပြုတ်တဲ့ အိုးကိုလည်း ခွဲထားတယ်။ လှီးချွတ်တဲ့ စဉ့်တီတုန်းကိုလည်း ခွဲထားတတ်ကြပါတယ်။ အသားနဲ့ အသီးအရွက်ကို မလိုအပ်ဘဲ ရောနှော မထားပါဘူး။ အထူးဂရုစိုက်ကြပါတယ်။

မြန်မာပြည်မှာ အသားမစားတဲ့ သက်သတ်လွတ်သမားတွေ အများကြီးရှိပါတယ်။ ကျန်းမာရေးကြောင့်၊ အဓိဌာန်ကြောင့်၊ ပုတီးစိပ်နေတာကြောင့်၊ ဝါတွင်းကြောင့်၊ မွေးရက်ကြောင့် စသဖြင့် အကြောင်းအမျိုးမျိုးနဲ့ စားနေကြပါတယ်။ သူတို့အတွက် ပြည်တွင်းစားသောက်ဆိုင်တွေက အဆင်ပြေအောင် စဉ်းစားထားတာမျိုး အင်မတန်နည်းပါးပါတယ်။ ပုံမှန် မြန်မာစားသောက်ဆိုင်တွေမှာ သက်သတ်လွတ်အတွက် သီးခြားအစားအသောက်စာရင်း(menu) မရှိပါဘူး။ ရှိတယ်ဆိုရင် အတော်လေး ခေတ်မီပြီး၊ နိုင်ငံတကာနဲ့ ထိစပ်ဖူးတဲ့သူက ဆိုင်ပိုင်ရှင်ဖြစ်ရမယ်ဆိုတာ ဗေဒင်မေးစရာတောင် မလိုပါဘူး။ မရှိတာက ပိုများပါတယ်။ တခါ မြန်မာပြည်က သက်သတ်လွတ်စားသောက်ဆိုင်ဆိုတာတွေကလည်း တရုတ်သက်သတ်လွတ်ဆိုင်တွေများပါတယ်။ တရုတ်သက်သတ်လွတ်ဆိုင်တွေက အသီးအရွက်ထက် အသားတုတွေကို ပိုပြီး အားပြုကြတယ်။ ကြက်သား၊ ဘဲသား၊ ဆိတ်သား၊ ဝက်သုံးထပ်သား၊ ဝက်ကလီဆာ၊ စသဖြင့် အတုမျိုးစုံလုပ်ထားပြီး ချက်ပေးကြပါတယ်။ အခုနောက်ပိုင်း နည်းပညာတွေ တိုးတက်လာတော့ ဝက်သားသုံးထပ်သားက အစစ်နဲ့ အရသာတူရုံတင်မဟုတ်ဘဲ အနံ့ပါ တူအောင် ထည့်လာတာကို တွေ့ရပါတယ်။ အသီးအရွက်စားသုံးသူ၊ သက်သတ်လွတ်စားသူ၊ ဗက်ဂျီတေးရီးယန်းဆိုတာ အဲလို အတုတွေကို အရသာခံစားချင်စိတ် နည်းကြပါတယ်။ ဒါကြောင့် သူတို့အများစုအတွက်ကတော့ ဒီလို သက်သတ်လွတ်စားသောက်ဆိုင်တွေက အဆင်မပြေလှပါဘူး။ တစ်ရက်တလေ စားတတ်သူတွေကသာ အာသာမပြေတဲ့အတွက် သွားစားတတ်ကြတာပါ။ အမြဲတမ်းစားသူတွေက အသီးအရွက်ကိုပဲ အရသာရှိရှိ ချက်ပြုတ်ပေးတာကို ပိုလိုလားကြပါတယ်။ အိန္ဒိယစားသောက်ဆိုင်တချို့ကတော့ သက်သတ်လွတ်ဟင်းလျာတွေကို ဘာအတုမှမသုံးဘဲ အရသာရှိအောင် ချက်ပြုတ်ရောင်းချတတ်ကြပြန်ပါတယ်။ ဒါတွေကို နားလည်အောင် လေ့လာပြီး မြန်မာစားသောက်ဆိုင်တွေမှာ အရသာရှိတဲ့ မြန်မာသက်သတ်လွတ်ဟင်းလျာတွေ ဖန်တီးသင့်ပါတယ်။ အစားအသောက်စာရင်းကိုလည်း သက်သတ်လွတ်စာရင်း (Vegetarian Menu) ရယ်လို့ လုပ်ထားသင့်ပါတယ်။ ဒါမှသာ နိုင်ငံခြားသား ခရီးသည်တွေ လာစားရင်လည်း အဆင်ပြေမှာဖြစ်ပါတယ်။

အခုနောက်ပိုင်း မြန်မာပြည်မှာ နိုင်ငံခြားက လာဖွင့်တဲ့ ဖရန်ချိုင်းစားသောက်ဆိုင်တွေ ရောက်ရှိလာပြီဖြစ်ပါတယ်။ ဒီဆိုင်တွေက တကမ္ဘာလုံးမှာ ဖွင့်ထားတာမို့လို့ အတွေ့အကြုံများလှပါတယ်။ သူတို့ဆိုင်တွေရဲ့ အစားအသောက်စာရင်းမှာ သက်သတ်လွတ်စာရင်းကို သီးခြားဖော်ပြထားတာကို တွေ့ရလေ့ရှိပါတယ်။ ဒါတောင် သူတို့မှားတတ်တာက ကြက်ဥဟာ သက်သတ်လွတ်တယ်ဆိုပြီး ထည့်သွင်းဖော်ပြထားတာမျိုးပါ။ တကယ်တော့ ကြက်ဥကို အသက်မရှိဘူးဆိုပြီး စားတဲ့သူရှိသလို၊ ကြက်ဥကိုပါ ရှောင်သူတွေရှိနေတာမို့လို့ မြန်မာဆိုင်တွေရဲ့ အစားအသောက်စာရင်းမှာ ဂရုပြုသင့်ပါတယ်။ ရန်ကုန်မြို့က နာမည်ကြီးမြန်မာထမင်းဆိုင်တစ်ခုမှာ ခရမ်းချဉ်သီးငါးပိချက်ကို အမြဲတမ်း သက်သတ်လွတ်ချက်ပြီး ရောင်းတာကို တွေ့ဖူးပါတယ်။ အရသာရှိအောင် စိမ်းစားငါးပိအစား ပဲငါးပိကို ထည့်သွင်းချက်ပြုတ်ထားတာ တွေ့ရပါတယ်။ အရသာကောင်းမွန်လှတာမို့လို့ သက်သတ်လွတ်စားသူတွေက မဖြစ်မနေ အဲဒီဆိုင်မှာ သွားစားတတ်ကြပါတယ်။ ဒီလိုမျိုး တီထွင်ကြံဆမှုတွေနဲ့ ရိုးရာစားစရာတွေကို ချက်ပြုတ်မှသာ မြန်မာ့အစားအစာတွေရဲ့ နေရာဟာ တည်မြဲမှာဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ နိုင်ငံခြားကလာတဲ့ စားသောက်ဆိုင်တွေကသာ နေရာယူသွားမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ အာဆီယံနိုင်ငံတွေထဲမှာ ပါဝင်သလို၊ အာဆီယံနိုင်ငံအားလုံးသဘောတူထားတဲ့ အာဆီယံစီးပွားရေးအသိုက်အမြုံဆိုတဲ့ အေအီးစီ (AEC, Asean Economic Community)ကိုလည်း ပါဝင်အကောင်အထည်ဖော်နေပြီဖြစ်ပါတယ်။ အေအီးစီ သဘောအရ အာဆီယံနိုင်ငံတွေမှာရှိတဲ့ လုပ်ငန်းတွေ၊ ငွေကြေးအရင်းအနှီးတွေ၊ လုပ်သားတွေဟာ လွတ်လပ်စွာနဲ့ နိုင်ငံတွေအကြားမှာ ရွှေ့ပြောင်းလုပ်ကိုင်လို့ ရကြမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရှိတဲ့ လုပ်ငန်းတွေအားလုံးဟာ အဲဒီအတွက် ပြင်ဆင်ကြရမှာဖြစ်ပါတယ်။ ကိုယ့်စျေးကွက်ထဲ သူများက ပိုကောင်းတဲ့ ပစ္စည်းကို ပိုသက်သာတဲ့စျေးနဲ့ လာရောင်းရင် ဘယ်လိုလုပ်ကြမလဲဆိုတာကို လေ့လာပြင်ဆင်ကြရမှာဖြစ်ပါတယ်။ ဒီလိုပဲ ကိုယ့်ပြည်တွင်း စားသောက်ဆိုင်တွေနေရာမှာ အာဆီယံစားသောက်ဆိုင်တွေဖြစ်လာနိုင်တဲ့ အခြေအနေလည်း ရှိနေပါတယ်။ ကိုယ့်ရဲ့ အရည်အသွေးကို မြှင့်တင်ဖို့လိုအပ်ပါတယ်။ ဒီလိုပဲ ဝန်ဆောင်မှုမှာလည်း အပြည့်စုံဆုံးဖြစ်အောင် ဆောင်ရွက်ကြရပါမယ်။ အာဆီယံနိုင်ငံတွေက နိုင်ငံတကာ သက်သတ်လွတ်စားသောက်ဆိုင်တွေ ရောက်မလာခင် ကိုယ့်ဆီမှာ ကြိုတင်ဖွင့်လှစ်နိုင်အောင် ဒါမှမဟုတ် ကိုယ့်အစားအသောက်စာရင်းမှာ သက်သတ်လွတ်ဆိုပြီး ဟင်းအမယ်တွေ ထည့်သွင်းဖော်ပြတာမျိုးကို စတင်လုပ်သင့်တဲ့အချိန်ကို ရောက်နေပြီဖြစ်ပါတယ်။

ဟင်းလျာကို အစအဆုံးချက်ပြုတ်စားသောက်ကြတဲ့ခေတ်ကနေ ရယ်ဒီမိတ်ပြုလုပ်ထားတဲ့ ဟင်းအနှစ်တွေနဲ့ ကိုယ်စားချင်တာကို အလွယ်တကူ ချက်ပြုတ်ဖန်တီးနိုင်တဲ့ ခေတ်ကို ပြောင်းလဲရောက်ရှိနေပြီဖြစ်ပါတယ်။ စတိုးဆိုင်တွေ မီနီမတ်တွေနဲ့ စူပါမားကတ်ကြီးတွေမှာ ရယ်ဒီမိတ်စားစရာတွေ၊ ဟင်းချက်အနှစ်ထုပ်တွေနဲ့ အသင့်တန်းချက်စားလို့ရတဲ့ အနှစ်နဲ့ရောထားတဲ့ သားငါးဗူးတွေကို ရောင်းချနေကြပြီဖြစ်ပါတယ်။ ဒီလို ရယ်ဒီမိတွေဟင်းလျာတွေထဲမှာ သက်သတ်လွတ်ဟင်းလျာတချို့ကိုလည်း တွေ့လာရပါတယ်။ သက်သတ်လွတ်အာလူးကြော်၊ သက်သတ်လွတ်ဂျူးပဲပုပ်ကြော်၊ သက်သတ်လွတ်ငံပြာရည်ချက်၊ သက်သတ်လွတ်ဆီချက်ခေါက်ဆွဲ၊ သက်သတ်လွတ်အုန်းနို့ခေါက်ဆွဲ၊ သက်သတ်လွတ်မုန့်ဟင်းခါးစတာတွေကို အလွယ်တကူ ဝယ်ယူလို့ရနေပါပြီ။ သက်သတ်လွတ်ငါးပိရည်ကြိုဆိုတာကိုတောင် တီထွင်ရောင်းချနေသူတွေ ရှိနေပါပြီ။ သက်သတ်လွတ်စားစရာဆိုတာကို စားသောက်ဆိုင်ကြီးဖွင့်လှစ်ရောင်းချလို့ရတဲ့ စျေးကွက်ကြီးအခိုင်အမာ ရှိနေသလို၊ ရယ်ဒီမိတ်သက်သတ်လွတ်စားစရာတွေ ထုတ်လုပ်ရောင်းချတဲ့ အိမ်တွင်းစားသောက်ကုန်လုပ်ငန်းတွေအတွက်လည်း စျေးကွက်က အခိုင်အမာရှိနေပါတယ်။

မြန်မာအစားအစာတွေ၊ မြန်မာဟင်းလျာတွေကို အရသာရှိတဲ့ သက်သတ်လွတ်အစားအစာတွေအဖြစ် ပြောင်းလဲ ထုတ်လုပ်နိုင်မယ်ဆိုရင် ပြည်တွင်းစျေးကွက်အတွက်သာ မကဘဲ ပြည်ပစျေးကွက်တွေကို တင်ပို့ရောင်းချနိုင်မှာဖြစ်ပါတယ်။ ပို့ကုန်အမယ်သစ်များ တိုးမြှင့်ပို့ဖို့ သက်ဆိုင်ရာ စီးပွားကူးသန်းဝန်ကြီးဌာနက ကြိုးစားဆောင်ရွက်နေပါတယ်။ ဒီလိုပဲ အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ပြီး အမ်အက်စ်အမ်အီး (MSME) အေဂျင်စီကိုလည်း အစိုးရက တည်ထောင်ပေးထားပါတယ်။ ငွေကြေး၊ နည်းပညာနဲ့ စျေးကွက်တွေကို ပံ့ပိုးပေးဖို့ ဒီကော်မတီကို တည်ထောင်ပေးခဲ့တာဖြစ်ပါတယ်။ ပို့ကုန်တိုးမြှင့်ထုတ်လုပ်တင်ပို့နိုင်ဖို့အတွက် အမ်အက်စ်အမ်အီးတွေကို သက်သတ်လွတ်စားစရာတွေ၊ ဗီဂန်စားစရာတွေ ဘယ်လို ထုတ်လုပ်ရတယ်ဆိုတာကို အမ်အက်စ်အမ်အီးနဲ့ ချိတ်ဆက်လို့ လုပ်ငန်းသစ်တွေကို တိုးချဲ့ဆောင်ရွက်သင့်ကြပါတယ်။ ကိုယ့်နိုင်ငံတွင်းအတွက်သာ မဟုတ်ဘဲ နိုင်ငံတကာ ဗက်ဂျီတေးရီးယန်းတွေအတွက်ပါ သက်သတ်လွတ်အစားအသောက်တွေကို သန့်သန့်ရှင်းရှင်း၊ ဘေးအန္တရာယ်ကင်းကင်းနဲ့ အထုပ်အပိုးလှတပတလေးတွေနဲ့သာ ထုတ်လုပ်ရောင်းချကြမယ်ဆိုရင် နိုင်ငံခြားဝင်ငွေအများအပြားရသလို ပြည်တွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်စေမှုကိုလည်း အထိုက်အလျောက် အထောက်အပံ့ဖြစ်စေမှာဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

Democracy Today, 6/128, 15-5-2019