ကျွန်တော့်အကြောင်းကို ဖေ့စ်ဘုတ်မှာ ရေးခဲ့ဖူးပါတယ်။ အတိုချုပ်လည်း ရေးဖူးတယ်။ မှန်ကူကွက်လိုဖြစ်နေတဲ့ ဘဝရဲ့ အစိတ်အပိုင်းတွေကိုလည်း ဖွဲ့နွဲ့ရေးခဲ့ဖူးပါတယ်။ သိချင်သူတွေ သိစေနိုင်ဖို့ ဒီတစ်ခါ ထပ်ရေးရပါဦးမယ်။
ကျွန်တော့်ဖခင်ကို အညာမှာမွေးပါတယ်။ မြင်းခြံနားက ဇီးတောရွာမှာလို့ ပြောပါတယ်။ တချို့ကလည်း နွားထိုးကြီးက ဇီးတောလို့ ပြောပါတယ်။ သေချာတာကတော့ အညာသားဖြစ်ပါတယ်။
ဖေဖေ့ကြောင့်ပဲ စကားပြောရင် မိန်းကလေးတွေကို ညည်းလို့ခေါ်ပြီး ပြောတတ်တဲ့အကျင့် ကျွန်တော့်မှာ ရှိပါတယ်။ စားတော်ပဲဆိုတဲ့ ပဲပြုတ်ကို ကြိုက်ပါတယ်။ နေပူလေပူ အညာနွေကို သဘောကျပါတယ်။
ကျွန်တော့်မေမေကို ရန်ကုန်မှာမွေးပါတယ်။ ကျောက်မြောင်းရပ်ကွက်မှာပါ။ မေမေက သိပ်လှပါတယ်။ ဖေဖေနဲ့ ဘယ်လိုများ ညားခဲ့ပါလိမ့်လို့ ကျွန်တော်ငယ်ငယ်က အမြဲမေးခဲ့တယ်။ အသားညိုညို အညာသားနဲ့ ဖြူဖြူချောချော ရန်ကုန်သူတို့ဟာ မိဘပေးစားလို့ ယူခဲ့ကြတာတဲ့။ ဖေဖေက လာတောင်းတာကို မေမေ့မိဘ၊ ကျွန်တော့်အဖိုးအဖွားတွေက သဘောတူခဲ့ကြတာပါ။ မေမေက မိဘစကားတစ်ခွန်းနဲ့ပဲ သူ့ထက် ဆယ်နှစ်လောက်ကြီးတဲ့ ဖေဖေ့ကို လက်ထပ်ယူခဲ့ပါတယ်။
ကျွန်တော့်ကို ရန်ကုန်မှာ မွေးပါတယ်။ ၁၉၇၅ ခုနှစ်ရဲ့ ဒီဇင်ဘာလမှာ မွေးပါတယ်။ ကျွန်တော်မွေးတဲ့အကြောင်းကို ပြောတိုင်း မေမေက တခုတ်တရ ပြောလေ့ရှိတာ နှစ်ခုရှိပါတယ်။ တစ်ခုက ကျွန်တော့်ကို ကိုယ်ဝန်ရှိချိန်မှာ အင်မတန်ဝင်းမှည့်နေတဲ့ မာလကာသီး ပွပွကြီးတစ်လုံးကို စားရတယ်လို့ အိပ်မက် မက်ပါသတဲ့။ နောက်တစ်ခုကတော့ သားဦးဖြစ်နေတာမို့လို့ နို့ထွက်နည်းပြီး အသားတွေပဲ့ကုန်လို့ နို့တစ်ဝက် သွေးတစ်ဝက် ကျွန်တော့်ကို တိုက်ခဲ့ရတယ်တဲ့။
ဖေဖေက မေမေ ကိုယ်ဝန်ရှိနေချိန်မှာ ဒီခေတ်လို ဘာလေးမွေးမှာလဲ ကြိုကြည့်လို့မရလေတော့ သားမွေးရင်ပေးဖို့ နေ့နံအလိုက် နာမည်ခုနစ်ခု၊ သမီးလေးမွေးရင် ပေးဖို့ နာမည်ခုနစ်ခုကို ကြိုပေးထားပါတယ်။ ဗုဒ္ဓဟူးနေ့မွေးတာမို့လို့ ကျွန်တော့်နာမည်က ရဲမင်းဦးလို့ ပေးထားတာဖြစ်ပါတယ်။
ကျွန်တော်မွေးပြီးတော့ ကျွန်တော့်မိဘတွေဟာ သူတို့ အခန်းငှားနေတဲ့ သာကေတကနေ သင်္ဃန်းကျွန်း ၁၆/၂ ရပ်ကွက်ကို ပြောင်းရွှေ့နေထိုင်ပါတယ်။ တန်းလျားလိုဆောက်ထားတဲ့ အခန်းတွဲလေးထဲက ဆယ်ပေအကျယ်၊ ပေသုံးဆယ်လောက် အလျားရှိတဲ့ ပြတင်းပေါက်မပါတဲ့ အလယ်ခန်းမှောင်မှောင်လေးမှာ ကျွန်တော့် ငယ်ဘဝကို စတင်ခဲ့ပါတယ်။
မေမေ့မောင်ကို အစိုးရဆန့်ကျင်တဲ့ ကျောင်းသားတစ်ယောက်အဖြစ် ဖမ်းဆီးခဲ့တဲ့အချိန်တွေတုန်းက အဲဒီအခန်းလေးထဲမှာ မေမေဟာ သူ့မောင်အတွက် ပူပန်နေခဲ့ရတာပေါ့။ ထောင်နှစ်ခါကျပြီးနောက်မှာတော့ ကျွန်တော့်ဦးလေးဟာ တောခိုသွားခဲ့ပါတယ်။ စာရေးဆရာ ဆရာကျော်ဝင်းနဲ့ တောထဲက ရဲဘော်တွေပေါ့။
ကျွန်တော့်ငယ်ဘဝတွေမှာ ဦးလေးက ဟီးရိုးပါပဲ။ မေမေက အဆက်အသွယ်မရတော့တဲ့ သူ့မောင်လေးကို အမြဲတမ်းတနေခဲ့တယ်။ သူ့မောင်ရဲ့ ထောင်တွင်း ငရဲခန်းတွေကို ပြောပြရင်း ကျွန်တော့်ကို စာကြိုးစားစေခဲ့တယ်။ နိုင်ငံရေးကြောင့် မောင်တစ်ယောက် ဆုံးရှုံးခဲ့ ပြီးပြီ၊ သားတစ်ယောက် ထပ်မဆုံးရှုံးချင်ဘူးလို့ အမြဲပြောလေ့ရှိပါတယ်။
ဆင်းရဲတဲ့မိဘရဲ့ စာတော်သောသား ဆိုတဲ့ ဆရာသုခမိန်လှိုင်စာအုပ်ကို ဖတ်ရတော့ ငယ်ဘဝကို သတိရမိသေးတယ်။ (အမှားပြင်ပါတယ်။ စာရေးသူက ဆရာအောင်ဝေးပါ။ ဒီအတွက် ဆရာသုခမိန်လှိုင်ရော ဆရာအောင်ဝေးကိုရော အနူးအညွတ်တောင်းပန်ပါတယ်)
ကျွန်တော်တို့ငယ်ငယ်က အရမ်းမဆင်းရဲခဲ့ပေမယ့် ကျောင်းမှာစာတော်တဲ့အထဲတော့ ကျွန်တော်က ပါခဲ့ဖူးပါတယ်။
၁၉၈၁ မှာ ကျွန်တော်ကျောင်းစတက်ပါတယ်။ အ.မ.က (၃၇) သင်္ဃန်းကျွန်း၊ အ.လ.က (၄) သင်္ဃန်းကျွန်းတို့မှာ သူငယ်တန်းကနေ ၇ တန်းအထိ ပညာသင်ခဲ့ပါတယ်။
၁၉၈၈ အရေးအခင်းဖြစ်တော့ ကျွန်တော် ၇ တန်းပါ။ ဖေဖေ က ရန်ကုန်မြို့ထဲမှာ ဆန္ဒပြနေကြတာတွေကို လိုက်ပြခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွှေတိဂုံတရားပွဲကို သူ့စက်ဘီးလေးနဲ့ ကျွန်တော့်ကို ခေါ်သွားခဲ့တယ်။ နောက်တော့လည်း ပစ်သံခတ်သံတွေ ဆူညံနေတဲ့ နေ့ရက်တွေကို ကျွန်တော်တို့ ဖြတ်သန်းခဲ့ရတယ်။
၁၉၈၉မှာ ဗဟန်း၊ အ.ထ.က(၂) နန်ယန်ကို ကျွန်တော်ကျောင်းပြောင်းခဲ့ပါတယ်။ ၈ တန်း ၉ တန်းနဲ့ ၁၀ တန်း တွေကို တက်ရောက်ခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်မှာ ဆယ်တန်းအောင်ပါတယ်။ သင်္ချာ တစ်ဘာသာပဲ ဂုဏ်ထူးထွက်ပါတယ်။ ကျောင်းစာထက် အပြင်စာအုပ်တွေကိုပဲ အသည်းအမည်းဖတ်နေတဲ့ အချိန်ပေါ့။
ကျွန်တော် လေးတန်းကတည်းက ကျွန်တော့်မိဘတွေဟာ သင်္ဃန်းကျွန်းကနေ တောင်ဥက္ကလာ ၁၂ ရပ်ကွက်ကို ပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်။ ဒီတစ်ခါတော့ သစ်သားအိမ်ဟောင်းလေးတစ်လုံးကို အသစ်ဖြစ်အောင် ပြုပြင်နေထိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
ကျွန်တော့်မေမေဆုံးတဲ့ ၁၉၉၇ အထိ အဲဒီအိမ်ကလေးမှာ ကျွန်တော်တို့ နေခဲ့ကြပါတယ်။ သင်္ဃန်းကျွန်း ၁၆ ရပ်ကွက်တို့ တောင်ဥက္ကလာ ၁၂ ရပ်ကွက်တို့ဆိုတာက သင်္ဃန်းကျွန်းနဲ့ တောင်ဥက္ကလာကို ပိုင်းခြားထားတဲ့ ရတနာလမ်းဘေးမှာ ရှိကြတာမို့လို့ ကျွန်တော်က သင်္ဃန်းကျွန်းသားလည်းဟုတ်၊ တောင်ဥက္ကလာသားလည်း ဖြစ်ခဲ့တာပေါ့။
မေမေဆုံးပြီးနောက် ဆေးကုသစရိတ်တွေ ကြွေးဆပ်ဖို့ရယ်၊ မေမေ့အရိပ်တွေများလှတဲ့ အိမ်ကလေးမှာ မနေချင်ကြတော့လို့ရယ် အိမ်ကလေးကို ရောင်းပြီး ကျောက်မြောင်းကို ကျွန်တော်တို့ ပြောင်းခဲ့ကြပါတယ်။
၁၉၉၅ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်(လှိုင်နယ်မြေ) RC2 မှာ သင်္ချာအထူးပြုနဲ့ တက်ရောက်ခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်မှာ ကျွန်တော်တို့ကို ဒဂုံတက္ကသိုလ်သို့ အစိုးရက ရွှေ့ပြောင်း တက်ရောက်စေခဲ့ပါတယ်။ ၂၀၀၁ ခုနှစ်မှာ ဒဂုံတက္ကသိုလ်ကနေ သိပ္ပံဘွဲ့(သင်္ချာ)ကို ကျွန်တော်ရခဲ့ပါတယ်။
၂၀၁၃ခုနှစ်မှာ ရန်ကုန်စီးပွားရေးတက္ကသိုလ်ကဖွင့်တဲ့ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာ မဟာဘွဲ့ (EMPA-12th Batch) ကို တက်ရောက်ခဲ့ပါတယ်။ သတ်မှတ်ကာလအတွင်း သီးဆစ်စာတမ်း မတင်လို့ ဘွဲ့မရပါ။ ဒါနဲ့ပဲ ၂၀၁၈ (EMPA-17th Batch) မှာ ကျောင်းပြန်တက်ပါတယ်။ အခု စာတမ်းပြုစုနေပါတယ်။
စာရှည်နေပြီမို့လို့ နောက်နေ့မှ ဆက်ရေးပါမယ်။