နံပါတ်မှာ (၂) အလယ်

ပထမဆုံး အလုပ်ဝင်တော့ ကေအမ်ဒီကွန်ပျူတာ (KMD Computer Centre)မှာပါ။ ဆယ်တန်းအောင်ပြီးနောက် သူငယ်ချင်းတွေက ကွန်ပျူတာသင်တန်းတွေတက်ပြီး အဲဒီမှာပဲ အလုပ်ဝင်ကြတယ်။ ကျော်ဇင်နဲ့ ဇော်လင်း (Youth Computer) တို့ပေါ့။ 

သူတို့ခေါ်တာနဲ့ ကျွန်တော် သင်တန်းတက်ဖြစ်ပါတယ်။ သူတို့ကျေးဇူးနဲ့ အလုပ်လည်းရပါတယ်။ ၃၄ လမ်းက KMD မှာ သင်တန်းဆရာရဲ့ အကူနည်းပြ (Instructor) အဖြစ် လစာ တစ်လ တစ်ထောင်ကျပ်နဲ့ အလုပ်စလုပ်ပါတယ်။

နောက်တော့ စက်ပြင်ဌာနကို ပြောင်းရပါတယ်။ Administrator, Systemer, Computer Engineer စသဖြင့် အချင်းချင်း အမျိုးမျိုး ဂုဏ်မြှင့်ခေါ်ကြရင်း အလုပ်ထဲမှာ ပျော်ခဲ့ကြပါတယ်။ ဆယ်တန်းအောင်ကျောင်းသားလေးတွေကို ပိတ်ထားတဲ့ တက္ကသိုလ်တွေတက်ရင်း အလုပ်ခွင်ထဲမှာ စနစ်တကျ လေ့ကျင့်ပေးခဲ့တဲ့ ဆရာဦးသောင်းတင်ကို ကျေးဇူးတင်ပါတယ်။ 

အဲဒီတုန်းကတော့ ဆရာ့ကို အလုပ်ရှင်ဆိုပြီး စုပေါင်းကန့်လန့်တိုက်ခဲ့ကြသေးတာ။ အသက်အရွယ်နဲ့ အတွေ့အကြုံတွေက အမြင်တွေကို ပြောင်းစေခဲ့ပါပြီ။ အသက် ၁၆၊ ၁၇ လေးတွေကို နည်းပညာလောကထဲ ဝင်ဖို့ အဲဒီအချိန်က KMD အပါအဝင် ကွန်ပျူတာ သင်တန်းကျောင်းတွေက လမ်းဖွင့်ပေးနိုင်ခဲ့တယ်။ 

အခုခေတ်ကလေးတွေအတွက် စည်းကမ်းစနစ်တကျနဲ့ အလုပ်လည်းသင် လစာလည်းရ အနာဂတ်မျှော်လင့်ချက်လည်း ပေးနိုင်တဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေကို အားပေးအားမြှောက် လုပ်ကြရပါမယ်။

KMD ကနေ မြေနီကုန်းက S.H.E Computer ကို အလုပ်ပြောင်းခဲ့ပါတယ်။ ကွန်ပျူတာသင်တဲ့ ဆရာလည်း ဖြစ်လာပါတယ်။ တက္ကသိုလ်လည်း စတက်နေပါပြီ။ KMD တုန်းက လုပ်ဖော်ကိုင်ဖက်တွေက ကျွန်တော့်ကို နာမည်အတိုကောက် ကိုရဲလို့ ခေါ်ကြပါတယ်။ 

အဲဒီကာလက ကျွန်တော့်ကို လှမ်းခေါ်တဲ့ နာမည်ကို ကြည့်ပြီး ဘယ်အရွယ်မှာ ရင်းနှီးတဲ့သူဆိုတာ ခွဲလို့ရပါတယ်။ “မင်းမင်း” ဆိုရင် သိမ်ကြီးစျေး ၂၄ လမ်းမှာ နေကြတဲ့ ဖေဖေ့ဖက်က အမျိုးတွေ၊ “ရဲမင်းဦး” လို့ ရိုးရိုးခေါ်ရင် အရပ်ထဲနဲ့ အခြေခံပညာက သူငယ်ချင်းတွေ၊ “ကိုရဲ” ဆိုရင် အလုပ်လုပ်မှ သိတဲ့သူတွေနဲ့ တက္ကသိုလ်က သူငယ်ချင်းတွေပေါ့။

ဒီနေရာမှာ ဖေဖေနဲ့ မေမေရဲ့ အခေါ်ကို မှတ်တမ်းဝင်အောင် ပြောရဦးမယ်။ မေမေက ကျွန်တော့်ကို သား လို့ခေါ်တယ်။ စာမေးပွဲမှာ အမှတ်ကျသွားလို့ပဲ ဖြစ်ဖြစ်၊ အငယ်တွေနဲ့ ရန်ဖြစ်ကြလို့ပဲဖြစ်ဖြစ် ကျွန်တော့်ကို စိတ်ဆိုးနေချိန်ဆို နာမည်ခေါ်တယ်။ ဖေဖေက မွေးကတည်းကနေ အခု အသက် ၄၅ နှစ် ကျွန်တော်ရောက်တဲ့အထိ သား လို့ မခေါ်ဖူးဘူး။ နာမည်ပဲ ခေါ်လေ့ရှိတယ်။ ကျွန်တော့်နှမလေးနဲ့ ကျွန်တော့်ညီကိုလည်း နာမည်ပဲ ခေါ်တယ်။ ဖေဖေက သားသမီးတွေကို ချစ်ပေမယ့် သိပ်ကြင်ကြင်နာနာ နေပြလေ့မရှိဘူး။ ဖခင်တာဝန်တော့ ကျေရှာပါတယ်။

တစ်ရက်မှာ KMD က ကျွန်တော့်သူငယ်ချင်း ကျော်ဇင်က ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်မလား မေးပါတယ်။ ကုမ္ပဏီက သူ့ကို ခန့်နေတာ သူလုပ်ဖို့ အဆင်မပြေလို့ ကျွန်တော့်ကို လှမ်းပြောတာပါ။ ဒါနဲ့ပဲ ဝင်ဒါမီယာထဲက အဲဒီ ကုမ္ပဏီမှာ ကွန်ပျူတာစာရေး (Computer Operator) အဖြစ် အလုပ်ဝင်ခဲ့ပါတယ်။ ၁၉၉၅ လောက်ပေါ့။

ကျွန်တော်နဲ့ ပတ်သက်ရင် လူအများ စိတ်ဝင်စားပြီး ဝေဖန်မှုတွေ အမြဲ လုပ်တာခံရလေ့ရှိတဲ့ ထူးထရေးဒင်း ဖြစ်ပါတယ်။

တစ်နှစ်မပြည့်ခင် ထူးကနေ ကျွန်တော် အလုပ်ထွက်ခဲ့ပါတယ်။ Youth Computer ဆိုတဲ့ နာမည်နဲ့ ကျွန်တော်တို့ သူငယ်ချင်းတွေ ကွန်ပျူတာသင်တန်းလေးတစ်ခု ထောင်ဖြစ်ကြတယ်။ အခု YIU ဆိုတဲ့နာမည်နဲ့ ပုလဲကွန်ဒိုရှေ့က ကျောင်းကြီးရဲ့ အစပေါ့။

မေမေဆုံးပြီးနောက်မှာ ကျွန်တော့်စိတ်တွေဟာ လေလွင့်ချင်သလိုလို ဖြစ်လာတယ်။ Youth ကနေ ထွက်လိုက်တယ်။ မကြွယ်(မြေနီကုန်း စိန်ဥ မုန့်ဟင်းခါး) က လှမ်းခေါ်လို့ ဘုန်းကြီးလမ်းက MWD ကွန်ပျူတာ အရောင်းဆိုင်ကို ကွန်ပျူတာစက်ပြင်အဖြစ် ရောက်ပါတယ်။ အဲဒီကာလမှာ ဆံပင်အရှည်ထားတယ်။ စာရင်းကိုင်နဲ့ စကားများလို့ အလုပ်ထုတ်ခံရတယ်။ ရည်းစားနဲ့ကွဲတယ်။ တစ်နှစ်ခွဲလောက်ပေါ့။

အလုပ်ပြန်ရှာနေတုန်း ထူးမှာ မတော်တဆ အလုပ်ပြန်ရတယ်။ မတော်တဆဆိုတာက ထူးကလည်း အလုပ်မခေါ်ဘူး။ ကျွန်တော်ကလည်း အလုပ်မလျှောက်ခဲ့ဘူး။ RC2 ကို ကျောင်းတက်ဖို့ လမ်းစရိတ်မရှိတာနဲ့ လှည်းတန်းကနေ လမ်းလျှောက်သွားရင်း ၆ မိုင်ခွဲက အခု ထူးရုံးရှေ့မှာ ကိုတေဇကားနဲ့ မတော်တဆ ပြန်တွေ့ရာက အလုပ်ပြန်ရတာပါ။ 

ထူးရုံးက ဝင်ဒါမီယာကနေ ပြည်လမ်းကို ရွှေ့တာ ၃ လ လောက်ပဲ ရှိသေးတယ်လို့ အဲဒီကျမှ သိရပါတယ်။ လစာ တစ်သောင်းငါးထောင်ကျပ် ရခဲ့ပါတယ်။အဲဒါ ၁၉၉၈ ပါ။ 

အဲဒီနောက်မှာ ဘဝက အတည်တကျ ပြောင်းလဲမှုတွေ ကြုံခဲ့ရပါတယ်။ ၂၀၀၀ ခုနှစ်မှာ အိမ်ထောင်ကျတယ်။ ၂၀၀၃ ခုနှစ်မှာ သမီးဦးလေးရတယ်။ ၂၀၀၉ ခုနှစ်မှာ သားငယ်ကို မွေးပါတယ်။

ကြားထဲမှာလည်း ကိုယ်ပိုင်လုပ်ငန်းလေးတွေ စမ်းလုပ်ကြည့်နေပါပြီ။ ကြော်ငြာလုပ်ငန်း၊ ဗီဒီယိုခွေအငှားဆိုင်၊ ကွန်ပျူတာအရောင်းဆိုင်၊ ရာဘာရောင်းဝယ်ရေး စသဖြင့် လုပ်ဖြစ်ခဲ့တယ်။

၂၀၀၈ ခုနှစ် မန္တလေးရတနာပုံစျေးကြီး မီးလောင်တာမှာ မဖွင့်ရသေးတဲ့ Digitopia ဆိုတဲ့ လူငယ်တွေအတွက် ရည်ရွယ်ထားတဲ့ စာအုပ်ဆိုင်၊ အင်တာနက်ကဖီးနဲ့ အီလက်ထရောနစ်ပစ္စည်းအရောင်းဆိုင်လေး ပါသွားခဲ့ပြီးနောက် စိတ်ကူးတွေ တစ်ခန်းရပ်ခဲ့ပါတယ်။ ၂၀၀၈နာဂစ်မုန်တိုင်းနဲ့အတူ ဝန်ထမ်းအလုပ်ကိုပဲ ဖိလုပ်နေခဲ့ပါတော့တယ်။

၂၀၁၄ခုနှစ်မှာ ကိုယ်ပိုင်လုပ်ငန်း လုပ်ဖို့ဆုံးဖြတ်ပြီး ထူးကနေ အလုပ်ထွက်ခဲ့ပါတယ်။ ၁၉၉၈ ကနေ စပြီး ရေတွက်ရင် ၁၆ နှစ် ကြာ အလုပ်လုပ်ခဲ့ပါတယ်။ တာဝန်ထမ်းဆောင်ခဲ့ရတဲ့ ဌာနတွေလည်း အမျိုးမျိုးပါပဲ။

၁၉၉၈-၂၀၀၈ 

စာရေး-အိုင်တီမန်နေဂျာ

(ကွန်ပျူတာဌာန)

၂၀၀၈-၂၀၁၂ 

စီမံကိန်းဒါရိုက်တာ (Project Director)

(ထူးဖောင်ဒေးရှင်း-နာဂစ် ပြန်လည်ထူထောင်ရေး၊ ပူတာအို ပညာဒါန အထက်တန်းကျောင်း၊ ပြင်ဦးလွင် ကန်တော်ကြီးဥယျာဉ်၊ တိရိစ္ဆာန်ဥယျာဉ်များ)

၂၀၀၉

အထွေထွေမန်နေဂျာ

(ဝန်ထမ်းရေးရာဌာန)

၂၀၀၉ – ၂၀၁၄

မန်နေဂျင်းဒါရိုက်တာ

(ဆန်အထူးပြုကုမ္ပဏီ)

၂၀၀၉ – ၂၀၁၀

ဒုတိယမန်နေဂျင်းဒါရိုက်တာ

(အဲပုဂံလေကြောင်းလိုင်း)

၂၀၁၀ – ၂၀၁၂

မန်နေဂျင်းဒါရိုက်တာ

(FM Bagan ရေဒီယိုလုပ်ငန်း/ Bagan Entertainment – အိုင်စီရှိုးများတင်ဆက်ခြင်းလုပ်ငန်း)

၂၀၁၀ – ၂၀၁၄

မန်နေဂျင်းဒါရိုက်တာ

(သစ်ခွပန်းမျိုးပွားကုမ္ပဏီ)

၂၀၁၀ -၂၀၁၄

မန်နေဂျင်းဒါရိုက်တာ

(AGD Bank)

မတူတဲ့ လုပ်ငန်းတွေ အမျိုးမျိုးကို လုပ်ခွင့်ရခဲ့တယ်။ စာရေးကနေ အုပ်ချုပ်မှုဒါရိုက်တာ (Managing Director) အထိ လုပ်ခဲ့ရတဲ့အတွက် အဆင့်လိုက် ဝန်ထမ်းတွေရဲ့ ခံစားချက်ကို ပိုနားလည်ခဲ့တယ်။ 

ရာထူးငယ်စဉ်တုန်းက ကြုံခဲ့ရတဲ့ အလုပ်ရှင်နဲ့ အထက်အရာရှိတွေရဲ့ ကူညီမှုတွေ၊ သင်ပြမှုတွေနဲ့ နှိပ်စက်မှုတွေက ကိုယ်ရာထူးကြီးလာတဲ့အချိန်မှာ မျှတစွာ စီမံခန့်ခွဲတတ်ဖို့ ဖြစ်လာခဲ့တယ်။

၂၀၁၀ ဘဏ်လောကကို ရောက်တဲ့အချိန်မှာ ဘဏ်လုပ်ငန်းဟာ ကိုယ့်စရိုက်နဲ့ ပိုပြီးကိုက်ညီတယ်လို့ ခံစားရပါတယ်။ ဘဏ်လောကသားအဖြစ် စည်းနဲ့ကမ်းနဲ့ အလုပ်လုပ်ရတာကိုလည်း ဂုဏ်ယူမိတယ်။

၂၀၁၄ အလုပ်ထွက်ပြီးနောက်မှာလည်း ကိုယ်ပိုင်လုပ်ငန်းတွေ လုပ်နေတဲ့ အပြင် ဘဏ်လောကနဲ့ မပြတ်ထိတွေ့နေခဲ့တယ်။ ဘဏ်လုပ်ငန်းအကြံပေးအဖြစ်ပေါ့။

၂၀၁၈ခုနှစ် ဒီဇင်ဘာလမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိက ကျွန်တော့်ကို ဆက်သွယ်လာပါတယ်။

အန်တီက ကျွန်တော့်ကို တွေ့ချင်လို့ နေပြည်တော်က သူ့အိမ်ကို လာခဲ့ပါတဲ့။

နောက်နေ့မှ ဆက်ပါမယ်။

ကျန်းမာအောင် နေကြပါ။ အိမ်ထဲမှာပဲ နေကြပါ။

မဲဆွယ်စည်းရုံးမှုတွေလုပ်ပြီး ပြည်သူလူထုထံ လူကိုယ်တိုင် မလာနိုင်တော့ အခုလိုပဲ ဓါတ်ပုံနဲ့ပဲ မဲဆွယ်ခွင့်ပြုပါခင်ဗျာ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားပြုအနေနဲ့

ဒဂုံမြို့နယ်ရဲ့ မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဖြစ်ပါတယ်။

“ဒီမိုကရေစီ မှန်ကန်ရေး NLD ကို ဒို့မဲပေး” ဆိုသလို…

ကျွန်တော့်ကို မဲ ပေးကြပါ။