နံပါတ်မှာ (၅) အစွန်

ကြားဖူးခဲ့တာလေးရှိတယ်။ ဗမာရုပ်ရှင်ဇာတ်ကားတစ်ခုကို ဒါရိုက်တာက ရိုက်နေတာ ဇာတ်လမ်းက ပြီးနေပြီ။ ဒါရိုက်တာက မရပ်ဘဲ ဆက်ရိုက်နေသတဲ့။ အဲဒါနဲ့ ကျန်တဲ့သူတွေက နားမလည်လို့ မေးကြတော့ အဆုံးရဲ့ အစွန်ကို ဆက်ရိုက်နေတာလို့ ဒါရိုက်တာက ပြန်ပြောခဲ့တယ်။ အဲဒီရုပ်ရှင်ဟာ မြန်မာ့ရုပ်ရှင်သမိုင်းမှာ အထင်ကရ ရုပ်ရှင်ကားကြီးတစ်ကား ဖြစ်ပါတယ်။ မြန်မာ့ရုပ်ရှင်နှစ်တစ်ရာပြည့်နဲ့အတူ ဘာကားလဲ ဖြေကြည့်ကြပေါ့။

မီဒီယာတွေနဲ့ အင်တာဗျူးပေးကြတဲ့အခါမှာ ရိုးသားမှုကိုပဲ ဆုပ်ကိုင်ဖြေဆိုရပါတယ်။ ကျော်ဇောလိုမှုနဲ့ ဝါကြွားချင်မှုတွေ မပါသင့်ပါဘူး။ မီဒီယာကနေတဆင့် ပြည်သူကို ဖြေကြားပေးနေတယ်လို့ နှလုံးသွင်းရပါတယ်။

ပြည်သူက သိချင်လိမ့်မယ်။ အနာဂတ်မှာ ဘာတွေ ပိုကောင်းလာမှာလဲ။ ပိုကောင်းဖို့အတွက် ဘာတွေ လုပ်ပေးကြမှာလဲ။ လုပ်ပေးမယ်ဆိုသူတွေက ကတိတည်သူတွေလား။ လုပ်ပေးဖို့အတွက် အရည်အချင်း ရှိသူတွေလား။ အရည်အချင်းကို ဘာနဲ့ သက်သေပြမလဲ။

မီဒီယာတွေက ပြည်သူ့ကိုယ်စား မေးခွန်းတွေ ထုတ်တယ်။ ဖြေကြားသူက ပြည်သူ့အတွက်လို့ ရည်ရွယ်ဖြေရမယ်။ ဒီလိုမဟုတ်ဘဲ မီဒီယာမှာ ဖြေခွင့်ရနေတာကို အတော်ဟုတ်တဲ့ ငါပါလားလို့ စိတ်မှာ ဘဝင်ကပ်ရင် ပြည်သူကို လေးစားတဲ့ အပြောအဆိုတွေ မဟုတ်တော့ဘဲ မထေမဲ့မြင်ပြုတဲ့ စကားတွေ တချို့က ပြောတတ်ကြတယ်။

သူအလုပ်သူ လုပ်နေကြတာလို့ မီဒီယာကို သဘောထားကြရပါမယ်။ မေးရင်ဖြေမယ်။ မဖြေနိုင်ရင် မဖြေနိုင်ကြောင်း ပြောမယ်။ ဖြေခွင့်မရှိရင် ဖြေခွင့် မရှိကြောင်း ပြောမယ်။

မီဒီယာဟာ ကြောက်စရာ မဟုတ်ပါဘူး။ ဒီလိုပဲ မီဒီယာကို မခန့်မညားလည်း မလုပ်သင့်ပါဘူး။

တစ်ခါက အန်တီက ဆုံးမတယ်။

သားတဲ့ မီဒီယာကို ပိုင်တဲ့သူဆိုတာ မရှိဘူးတဲ့။ အန်တီတို့တွေ အလုပ်သဘောအရ အင်တာဗျူးတွေ ပေးနေရတာ။ မီဒီယာကို ကျွန်တော်က သိပ်ပိုင်တာ။ ကျွန်တော်ပြောလိုက်ရင် မီဒီယာတွေ အကုန်လုံးက ကျွန်တော် ဆိုလိုတဲ့အတိုင်း လိုက်ရေးကြရတာလို့ ပြောတတ်သူတွေကို အန်တီ မယုံဘူးတဲ့။

တစ်ခါကလည်း ဆရာတစ်ယောက်က သတိပေးတယ်။

ခင်ဗျားစကားပြောတဲ့ပုံစံက လူတွေကို နားလည်အောင် ရှင်းပြတတ်တဲ့ ပုံစံမျိုးဗျ။ ဒီဘိတ်တွေလို ငြင်းခုံရတာမျိုးက ခင်ဗျားပုံစံနဲ့ မကိုက်ဘူးတဲ့။

ကျွန်တော်က အလုပ်သဘောအရ မီဒီယာတွေမေးတာကို ဖြေကြားနေခဲ့ရတာ ၂၀၀၈ ခုနှစ်ကတည်းက ဖြစ်ပါတယ်။ ဒီ ၁၂ နှစ်တာအတွင်းမှာ ရိုးသားမှုတစ်ခုကိုပဲ အားကိုးဖြေကြားခဲ့တယ်။ ချစ်ခြင်း မုန်းခြင်းတွေ မပါဘဲ မီဒီယာသမားတွေကို ညီမျှစွာ ဆက်ဆံခဲ့ပါတယ်။

မီဒီယာတွေက ကိုယ်ပြောတာကို အပြည့်အဝ နားမလည်လို့ပဲ ဖြစ်ဖြစ်၊ နားလည်မှုလွဲလို့ပဲ ဖြစ်ဖြစ် ဆိုလိုရင်းနဲ့ ကွဲအောင်ရေးထားတာ ပြန်ဖတ်ရရင်တောင် ကျွန်တော်က တုံ့ပြန်လေ့ မရှိပါ။ အလုပ်ကို ထိခိုက်လာမှသာ အများအတွက် အလုပ်သဘောအရ ရှင်းလင်းမှု ပြန်လုပ်လိုက်ပါတယ်။

အရင်က မီဒီယာအင်တာဗျူးတွေမှာ စီးပွားရေးနဲ့ ဆိုင်တာတွေပဲ ဖြေလေ့ရှိပါတယ်။ အခု ပြည်သူ့ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ရတော့မယ်ဆိုမှ နိုင်ငံရေးမေးခွန်းတွေကို ဖြေဆိုဖြစ်ပါတယ်။

နိုင်ငံရေးဆိုတာ လက်တွေ့အကျဆုံး သီဝရီတစ်ခု ဖြစ်ပါတယ်။

ပြောကောင်းတိုင်း မီးရှူးမီးပန်းတွေ ဖောက်သလို ပြောနေရင် နိုင်ငံရေးလက်တွေ့နဲ့ ဝေးသွားနိုင်ပါတယ်။ ဒီလိုပဲ အယူဝါဒထဲမှာပဲ ပိတ်မိပြောဆိုနေရင်လည်း စာအုပ်စင် နိုင်ငံရေးတွေပဲ ဖြစ်နေပါမယ်။

ဘာပြောပြော အဘိဓမ္မာ မမဲ့ဖို့ ဆရာတွေက သင်ပြခဲ့ဖူးတယ် မဟုတ်ပါလား။ ဘယ်လို အဘိဓမ္မာလဲ။

ပြည်သူကို ဦးတည်တဲ့ အဘိဓမ္မာ

ပြည်သူအတွက်ဆိုတဲ့ အဘိဓမ္မာ

ပြည်သူကို ရည်စူးတဲ့ အဘိဓမ္မာ

တရားမျှတသော အဘိဓမ္မာ

နှလုံးသားမှာ သံမှိုစွဲနေရပါမယ်။

မီဒီယာရဲ့ မေးခွန်းတိုင်းကို သေချာစွာ နားထောင်ပြီးရင် ပြည်သူ့အတွက် အဖြေတွေကို လေးနက်စွာ ဖြေကြားပေးရပါမယ်။

မီဒီယာဆိုတာ နိုင်ငံရေးသမားအတွက်ပဲ ဖြစ်ဖြစ်၊ အစိုးရအတွက်ပဲဖြစ်ဖြစ်၊ ပြည်သူလူထုအတွက်ပဲ ဖြစ်ဖြစ် ဘုံမိတ်ဆွေ ဖြစ်ပါတယ်။

လူ့သဘာဝအရ မီဒီယာအရေးအသားမှာ သူ့အမြင် အတ္တနောမတိလေးတွေတော့ ပါနိုင်တာပေါ့။ နားလည်ပေးလိုက်ပါ။

ကျွန်တော့်အနေနဲ့ မီဒီယာတွေမှာ ပြည်သူလူထုကို ရည်စူးပြီး စကားတွေ အများကြီး ပြောထားပါတယ်။ မေးခွန်းတွေအတွက် ရိုးသားတဲ့ အဖြေတွေ ပေးထားပါတယ်။

နားထောင်ကြည့်ပါ။

ကျွန်တော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ရဲ့ ကိုယ်စားလှယ် ဖြစ်ပါတယ်။ ဒါကြောင့် ပါတီရဲ့ မူတွေပေါ်မှာပဲ ရပ်တည်ထားပါတယ်။

အောင်လံခိုင်ဖို့

ဒီမိုကရေစီ မှန်ကန်ဖို့

NLD ကို မဲပေးပါ။

ကျွန်တော့်ကို မဲ ပေးပါ။