သက်သတ်လွတ်စားခြင်းဆိုတာကို ကျွန်တော်တို့ဆီမှာ လူတိုင်းသိတယ်လို့ ထင်ကြတယ်။ အသားမစားတာကို ခေါ်တာ။ အသီးအရွက်တွေကို စားတာကို ခေါ်တာ။ အသက်မပါတဲ့ အစားအသောက်ကို ခေါ်တာလို့ အပေါ်ယံ သိကြပါတယ်။ တကယ်တမ်း သက်သတ်လွတ်စားသူတွေအတွက် စားစရာ စီစဉ်ပေးကြရတဲ့အခါမှာတော့ အဲဒီလို အပေါ်ယံသိရုံနဲ့ မရတော့ပါဘူး။ သက်သတ်လွတ်စားတယ်ဆိုတာ ကျွန်တော်တို့ ထင်သလို တစ်မျိုးတည်း မဟုတ်ဘဲ အမျိုးမျိုးကွဲလွဲနေတာကို တွေ့ရှိရပါလိမ့်မယ်။ အဲဒီအခါမယ် သက်သတ်လွတ်စားတဲ့ပုဂ္ဂိုလ်အတွက် စီစဉ်ပေးတဲ့ အစားအသောက်တွေဟာ အဆင်မပြေမှုတွေ ဖြစ်ကုန်တော့တာပါပဲ။ တကယ်တော့ သက်သတ်လွတ်စားသုံးခြင်းနဲ့ စားသုံးသူတွေဟာ စီးပွားရေးစျေးကွက်တစ်ခုဖြစ်တာမို့လို့ စားသောက်ကုန်လုပ်ငန်းတွေ၊ စားသောက်ဆိုင်တွေနဲ့ ဝန်ဆောင်မှုပေးရတဲ့သူတွေဟာ အပေါ်ယံနားလည်ခြင်းမျိုး မဟုတ်ဘဲ သေသေချာချာ နားလည်အောင် လေ့လာထားကြမယ်ဆိုရင် စျေးကွက်အတွင်း ယှဉ်ပြိုင်မှုမှာ သူများထက် ကိုယ်က နှာတဖျားသာမှာ သေချာလှပါတယ်။
သက်သတ်လွတ်စားသုံးခြင်းဆိုတဲ့ မြန်မာစကားက ရှုပ်ထွေးမှုတွေကို အဓိက ဖြစ်စေတဲ့ အကြောင်းရင်း ဖြစ်ပါတယ်။ အသက်မပါတဲ့ အစားအစာလို့ အနက်ရနေတဲ့အတွက်ဖြစ်ပါတယ်။ မွေးမြူရေးခြံတွေကထွက်လာတဲ့ ကြက်ဥ၊ ဘဲဥ၊ ငုံးဥတွေဟာ အကောင်မပေါက်နိုင်တာမို့လို့ အသက်မပါဘူး သက်သတ်လွတ်တယ်ဆိုတဲ့ အယူအဆ၊ ပျားရည်တို့ ငှက်သိုက်တို့ဆိုတာ ဘာအသက်မှ မပါလို့ သက်သတ်လွတ်တယ်ဆိုတဲ့ ထင်မြင်မှုတွေ ရှိလာကြပါတယ်။ သက်သတ်စားသူတွေက အမျိုးမျိုး ကွဲနေတဲ့အချိန်မှာ သူတို့မစားတဲ့ အစာကို သက်သတ်လွတ်တယ်ဆိုပြီး ကျွေးမိတာ၊ ဟင်းထဲထည့်ချက်မိတာတွေကြောင့် အဆင်မပြေမှုဖြစ်ကြရတာတွေကို မကြာခဏ ကြုံကြရပါတယ်။ ဒီလိုပဲ နွားနို့ဟာ သွေးကဖြစ်လာတာမို့လို့ အသွေးလွတ်အသားလွတ်စားလိုသူတွေက မသောက်ဘူးဆိုတဲ့ အပြောအဆိုတွေ၊ ကြက်သွန်လို ပြန်ပေါက်နိုင်တဲ့ သစ်ဥသစ်ဖုတွေကို မစားဘူးဆိုတဲ့ သက်သတ်လွတ်တွေဆိုတာက ရှိနေပြန်ပါတယ်။ အင်္ဂလိပ်ဘာသာမှာတော့ သက်သတ်လွတ်ရယ်လို့ မခေါ်ပါဘူး။ အသီးအရွက်စားသူ (Vegeatrian) လို့ပဲ ခေါ်ပါတယ်။ ဒီအတွက် ပိုရှင်းလင်းသွားပါတယ်။ အသက်ရှိခြင်း မရှိခြင်း၊ အသွေးဖြစ်ခြင်း မဖြစ်ခြင်းတွေကို အငြင်းမပွားရတော့ဘဲ အသီးအရွက်များကို စားသုံးသူဆိုပြီး ရှင်းရှင်းလင်းလင်း မြင်နိုင်ပါတယ်။ ဗက်ဂျီတေးရီးယန်းတွေကို အဓိက အုပ်စု ၄ စု ခွဲထားကြပါတယ်။
ကြက်ဥကို စားတဲ့ ဗက်ဂျီတေးရီးယန်း ရှိပါတယ်။ သူတို့ကို ဥစားအသီးအရွက်စားသူများ (Ovo Vegetarian) လို့ ခေါ်ပါတယ်။ သူတို့က နွားနို့ကို မသောက်ကြပါဘူး။ နို့ထွက်ပစ္စည်းတွေဖြစ်တဲ့ ဒိန်ခဲ၊ ဒိန်ချဉ်၊ ရေခဲမုန့်တွေကို မစားကြပါဘူး။ နို့ပါဝင်တဲ့ အစားအသောက်တွေအားလုံးကို ရှောင်ကြပါတယ်။ အသီးအရွက်တွေစားကြတယ်။ မွေးမြူရေးခြံကထုတ်လုပ်တဲ့ ကြက်ဥကိုစားကြတယ်။ အကောင်ပေါက်နိုင်တဲ့ ကြက်ဥဆိုရင် သူတို့မစားကြပါဘူး။ နွားနို့ကို မသောက်ရတဲ့ အကြောင်းရင်းမှာ နွားနို့ထုတ်လုပ်ခြင်းမှာ နွားမတွေကို ကိုယ်ဝန်ဆောင်စေတာမို့လို့ ပင်ပန်းဆင်းရဲစေတယ်။ နွားသားပေါက်ကို နို့မတိုက်ဘဲ လူတွေအတွက် နွားနို့ကို ထုတ်လုပ်တာဟာ ရက်စက်တယ်ဆိုတဲ့ အယူအဆတွေကြောင့် ဖြစ်ပါတယ်။ အိုဗို ဗက်ဂျီတေးရီးယန်းတွေထဲမှာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းလိုသူတွေလည်း ပါဝင်ပါတယ်။ သူတို့ယူဆတာက ကြက်မွေးမြူလို့ ထွက်လာတဲ့ ကာဗွန်ဓါတ်ငွေ့ဟာ နွားမွေးမြူလို့ ထွက်လာတာထက် ပိုနည်းတယ်လို့လည်း ယူဆကြလို့ဖြစ်ပါတယ်။ ဥစားတဲ့ ဗက်ဂျီတေးရီးယန်းတွေကို တရုတ်နိုင်ငံမှာ အများအပြားတွေ့ရှိနိုင်ပါတယ်။ မြန်မာနိုင်ငံက သက်သတ်လွတ်စားသူတချို့ဟာ ကြက်ဥ၊ ဘဲဥကို စားသုံးကြပါတယ်။ ဒါကို မြင်ဖူးသူတွေက သက်သတ်လွတ်လုပ်ပေးပါလို့ မှာတဲ့အခါမှာ ခေါက်ဆွဲကြော်၊ ကြာဇံကြော်တွေထဲ ကြက်ဥထည့်ကြော်လိုက်တာမျိုး လုပ်မိလေ့ရှိပါတယ်။ သေသေချာချာ မေးသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကြက်ဥမစားတဲ့ ဗက်ဂျီတေးရီးယန်းတွေ ရှိနေလို့ဖြစ်ပါတယ်။
ကြက်ဥမစားဘူး။ ဒါပေမယ့် နွားနို့နဲ့ နို့ထွက်ပစ္စည်းတွေကို စားတယ်ဆိုတဲ့ ဗက်ဂျီတေးရီးယန်းတွေ ရှိပါတယ်။ သူတို့ကို နို့သောက်ဗက်ဂျီတေးရီးယန်း (Lacto Vegetarian) လို့ ခေါ်ပါတယ်။ အသားမစားဘူး။ အသီးအရွက်စားတယ်ဆိုတဲ့ အတွေးအခေါ်ဟာ ဟိန္ဒူဘာသာ အယူအဆတွေက ဆင်းသက်လာတာများပါတယ်။ ဒါကြောင့် အိန္ဒိယနိုင်ငံကနေ အဓိက ပေါက်ဖွားလာကြတာဖြစ်ပါတယ်။ တပါးသူရဲ့ အသက်ကို မသတ်ခြင်း၊ အကြမ်းမဖက်ခြင်းဆိုတဲ့ အယူအဆ အဟိ ံသ ကနေ လာတယ်လို့ ဆိုပါတယ်။ အသွေးလွတ် အသားလွတ်စားတယ်လို့ ကျင့်ကြံမှု အဓိဌာန်တစ်ခုခု လုပ်နေသူတွေကလွဲရင် အများစုသော သက်သတ်လွတ်စားသူတွေက နွားနို့နဲ့ နို့ထွက်ပစ္စည်းတွေကို သက်သတ်လွတ်တယ်လို့ ယူဆကြပါတယ်။ ဒါကြောင့် ကြက်ဥစားတဲ့ ဗက်ဂျီတေးရီးယန်းနဲ့ နို့သောက်တဲံ ဗက်ဂျီတေးရီးယန်းကို ယှဉ်ကြည့်မယ်ဆိုရင် နို့သောက်တဲ့ ဗက်ဂျီတေးရီးယန်းက ပိုများပါတယ်။
ကြက်ဥလည်းစားတယ်။ နို့နဲ့ နို့ထွက်ပစ္စည်းတွေလည်း စားတယ်ဆိုတဲ့ ဗက်ဂျီတေးရီးယန်းတွေလည်း ရှိပါတယ်။ သူတို့ကိုတော့ ဥရောနို့ပါစားတဲ့ ဗက်ဂျီတေးရီးယန်း (Ovo-Lacto Vegetarian) လို့ ခေါ်ပါတယ်။ ဥရောပနဲ့ မြောက်အမေရိကတိုက်က နိုင်ငံတွေမှာ ဥရောနို့ပါစားတဲ့ ဗက်ဂျီတေးရီးယန်းတွေ ပေါများပါတယ်။ ဒါကြောင့် နိုင်ငံခြားသားတွေအတွက် ရည်ရွယ်ဖွင့်လှစ်တဲ့ သက်သတ်လွတ်စားသောက်ဆိုင်တွေက ဘယ်နိုင်ငံကလာမယ့် ဧည့်သည်တွေအတွက် ရည်ရွယ်ဖွင့်လှစ်သလဲဆိုတာကို ကိုယ့်ဖာသာ ရှင်းရှင်းလင်းလင်း ရှိဖို့ လိုအပ်ပါတယ်။ အစားအသောက် မီနူးထုတ်တဲ့အချိန်မှာလည်း ဒါကို အရင်စဉ်းစားကြရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း နှစ်မျိုးစလုံးစားတဲ့ ဗက်ဂျီတေးရီးယန်းတွေ ရှိပါတယ်။ ဒါပေမယ့် အနည်းစုဖြစ်တယ်ဆိုတာကို သတိပြုကြရပါမယ်။
နောက်ဆုံး ဗက်ဂျီတေးရီးယန်းအမျိုးအစားကတော့ ကြက်ဥလည်း မစားဘူး။ နို့နဲ့ နို့ထွက်ပစ္စည်းလည်း မစားဘူးဆိုတဲ့ အမျိုးအစားဖြစ်ပါတယ်။ ဗီဂန် (Vegan) လို့ ခေါ်ပါတယ်။ သူတို့က တကယ်ကို အသီးအရွက်ပဲ စားသုံးသူတွေဖြစ်ပါတယ်။ တိရိစ္ဆာန်ထွက်ပစ္စည်းတွေကို မစားသုံးရုံသာမဟုတ်ဘဲ လုံးဝကို အသုံးမပြုကြပါဘူး။ သားရေဖိနပ်တို့ သားရေဂျာကင်တို့တောင် မဝတ်ကြပါဘူး။ ဗီဂန်အယူအဆဟာ ကျန်တဲ့ ဗက်ဂျီတေးရီးယန်းအမျိုးအစားတွေနဲ့ ယှဉ်ရင် အတော်နောက်ကျပြီးမှ ပေါ်ပေါက်လာတာဖြစ်ပါတယ်။ အသီးအရွက်ပဲ စားတဲ့ ယဉ်ကျေးမှုဟာ အရှေ့တိုင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယနဲ့ တရုတ်ပြည်ကို အခြေခံကြပါတယ်။ ဘာသာရေးအရတော့ ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာနဲ့ ဂျိန်းဘာသာတွေကနေ အသားမစားခြင်း အယူအဆက လာပါတယ်။ သတ္တဝါများကို မပင်ပန်းမဆင်းရဲစေခြင်းနဲ့ သူတစ်ပါးရဲ့ အသက်ကို ကိုယ့်ကြောင့် မသေစေလိုခြင်းဆိုတဲ့ မေတ္တာကို အခြေခံတဲ့စိတ်နဲ့ အသားမစားခြင်းဆိုတဲ့ ကျင့်စဉ်ကို ကျင့်သုံးလာကြတာဖြစ်ပါတယ်။ နေရာဒေသတွေကို မူတည်ပြီး ဗက်ဂျီတေးရီးယန်းတွေဟာ အခုလို လေးမျိုးကွဲသွားတာဖြစ်ပါတယ်။ ဗီဂန်တွေကတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းလိုခြင်းနဲ့ တိရိစ္ဆာန်ထွက်ပစ္စည်းလုံးဝအသုံးမပြုရေးဆိုတဲ့ ကျင့်သုံးမှုတွေကို မူလ အသားမစားခြင်း အယူအဆအပေါ်မှာ ထပ်ဖြည့်ခဲ့တာဖြစ်ပါတယ်။ အခုနောက်ပိုင်း အနောက်နိုင်ငံတွေမှာ ဗီဂန်အဖြစ် ရပ်တည်နေသူတွေ နေ့စဉ်နဲ့အမျှ တိုးပွားလျက်ရှိပါတယ်။ ဒါကြောင့် ဗီဂန်စားသောက်ကုန်များ၊ ဗီဂန်စားသောက်ဆိုင်များဆိုပြီးတော့ကို သီးခြားဖွင့်လှစ်လုပ်ကိုင်လာကြတာကို တွေ့ရပါတယ်။
တကယ်တော့ သက်သတ်လွတ်စားခြင်းဆိုတာ မြန်မာလူမျိုးတွေနဲ့ အင်မတန်ရင်းနှီးကျွမ်းဝင်ပြီးသား ကျင့်စဉ်တစ်ခုပဲဖြစ်ပါတယ်။ အထူးသဖြင့်တော့ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတွေဟာ ကိုယ့်မွေးရက်မှာ သက်သတ်လွတ်စားတတ်ခြင်း၊ အဓိဌာန်ပုတီးစိပ်ချိန်သက်သတ်လွတ်စားခြင်းနဲ့ ဝါတွင်းကာလသက်သတ်လွတ်စားခြင်းတွေကို အခါအားလျော်စွာ ပြုလုပ်လေ့ရှိသူတွေဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် သက်သတ်လွတ်လို့ သတ်မှတ်ပုံခြင်းတော့ မတူကြဘူးပေါ့။ ဥစားတဲ့သူ၊ နို့သောက်တဲ့သူ၊ ဥရောနို့ပါစားသုံးသူ ဆိုတာတွေအပြင် မီးလွတ်ဆိုပြီး ချက်ပြုတ်တာကိုပါ မစားတဲ့သူတွေတောင် ရှိပါတယ်။ ဗီဂန်အနေနဲ့ တိရိစ္ဆာန်ထွက်ပစ္စည်းတွေပါ မသုံးဘူးဆိုတဲ့ အဆင့်အထိ ကျင့်ကြံနေထိုင်နေသူတွေလည်း အခုနောက်ပိုင်း မြန်မာတွေထဲမှာ တွေ့လာရပါတယ်။ နည်းတော့ နည်းပါးပါသေးတယ်။ ပြောချင်တာက မြန်မာနိုင်ငံမှာ သက်သတ်လွတ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ စျေးကွက်တစ်ခုရှိနေတယ်။ စားသုံးသူတွေ သေချာပေါက်ရှိနေတယ်ဆိုတာပါပဲ။ ဘောဂဗေဒလိုပြောရရင်တော့ ဝယ်လိုအား (Demand) ရှိတယ်ပေါ့။ ဒါပေမယ့် ရောင်းလိုအား (Supply) ဖက်မှာ ဒီစျေးကွက်အတွက် အင်မတန်ကို အားနည်းနေတာကို တွေ့ရှိရပါတယ်။
(ဆက်ရန်)
Democracy Today, 6/122, 9-5-2019