စျေးကွက်စီးပွားရေး

(ဟိုးအရင်က ရေးခဲ့ဖူးတာလေးပါ။ ကျောင်းမှာသင်ရတဲ့စာတွေ ပြန်ရေးခဲ့တာပါ။ သင်ရိုးစာအုပ်လည်း ထည့်ပေးထားပါတယ်။ အကျယ်သိချင်ရင် အဲဒီ စာအုပ်ရှာဖတ်ကြပါ။ ဒီစာကိုပဲ ဒီလှိုင်းစာစောင်မှာ ဆောင်းပါးအနေနဲ့ တစ်ခါထည့်ဖူးပါတယ်။ အခုလည်း တချို့တွေ အသုံးချချင်ရင် အသုံးချလို့ရအောင် ပြန်တင်လိုက်တာပါ။)

ဒီနေ့ခေတ်မှာ စျေးကွက်စီးပွားရေးစနစ်ဟာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ပါပဲ။ ဆိုရှယ်လစ်၊ ကွန်မြူနစ်တွေကတော့ စျေးကွက်စီးပွားရေးစနစ်ဟာ အရင်းများသူက စျေးကစားနိုင်တဲ့အတွက် အခြေအနတိုင်းမှာ အကောင်းဆုံးစနစ်မဟုတ်ဘူးလို့ ပြောကြလေ့ရှိပါတယ်။

စျေးကွက်တစ်ခုမှာ ထုတ်လုပ်သူတွေက အမြတ်အများဆုံးလိုချင်တယ်။ စားသုံးသူတွေက စိတ်ကျေနပ်မှု အမြင့်ဆုံးကို လိုချင်တယ်။ အစိုးရကတော့ လူများစု အဆင်ပြေချောမွေ့ရေး ဦးစားပေးမြင်ချင်လေ့ ရှိပါတယ်။ ဒီအတွက် ဒီနေ့ခေတ်မှာ စျေးကွက်စီးပွားရေးစနစ်ဟာ လူများစုအတွက် အဆင်ပြေချောမွေ့မှု ရစေလိမ့်မယ်လို့ အစိုးရတော်တော်များများက ယူဆကြတဲ့အတွက် (တရုတ်လို ကွန်မြူနစ်နိုင်ငံတောင်) စျေးကွက်စီးပွားရေးစနစ်ကို ပြောင်းလဲကျင့်သုံးလာရပြီဖြစ်ပါတယ်။ ကျွန်တော်တို့လို ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခု အနေနဲ့ကတော့ စျေးကွက်စီးပွားရေးစနစ်ဆိုတာ မဖြစ်မနေကို ကျင့်သုံးရမယ့် စနစ်တစ်ရပ်ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ၁၉၈၈ခုနှစ်နောက်ပိုင်းကစလို့ စျေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးမယ်လို့ ကြွေးကြော်ခဲ့ပေမယ့် စျေးနှုန်းကို စျေးကွက်က ဆုံးဖြတ်လိမ့်မယ်။ အစိုးရက တတ်နိုင်သမျှ ဝင်မပါရဘူးဆိုတဲ့ စျေးကွက်စီးပွားရေးစနစ်ရဲ့ အခြေခံအချက်ကို မလိုက်နာခဲ့ကြပါဘူး။ မမြင်ရတဲ့လက်တွေနဲ့စျေးကွက်ဟာ သူတို့သဘော သူတို့ဆောင်ပြီး စျေးနှုန်းကို ဆုံးဖြတ်ပါလိမ့်မယ်လို့ သီဝရီက ဆိုပေမယ့် အာဏာရှိသူတွေက စျေးနှုန်းမတက်အောင် ထိန်းသိမ်းတာပါဆိုတဲ့ အကြောင်းပြချက်နဲ့ မိမိတို့နဲ့ နီးစပ်သူတွေကို လက်သိပ်ထိုးပြီး လုပ်ပိုင်ခွင့်တွေ ချပေးခဲ့တယ်။ စျေးကွက်စီးပွားရေးမဟုတ်တော့ဘဲ အခွင့်ထူးခံ ပါမစ်စီးပွားရေး ဖြစ်ခဲ့ရပါတယ်။

အဲဒီလိုနဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးလောကမှာ သာတူညီမျှ ကောင်းစားရေးမဟုတ်တဲ့ “သားတူညီများကောင်းစားရေး” (Nepotism)ကို ကျင့်သုံးရာက လက်သင့်ရာစားတော်ခေါ်တဲ့စနစ် (Cronyism) ပါအားကောင်းခဲ့ပါတယ်။ တိုင်းပြည်ဝင်ငွေ GDP တက်လာတယ်ဆိုရင်တောင် အဲဒါဟာ လူနည်းစုရဲ့ ချမ်းသာကြွယ်ဝမှုကြောင့် တက်ခဲ့တာဖြစ်ပြီး၊ လူများစုကတော့ ဆင်းရဲသည်ထက် ပိုမိုဆင်းရဲမွဲတေ ခဲ့ကြရပါတယ်။

အစိုးရအဆက်ဆက် ပြောဆိုနေတဲ့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးဆိုတာဟာ လူကြားကောင်းမယ့် ဆောင်ပုဒ်တစ်ရပ်အဖြစ်ထက် မပိုခဲ့တာကို တွေ့ခဲ့ရပါတယ်။ ဆင်းရဲမှုတိုက်ဖျက်ရေးနည်းလမ်းတွေထဲမှာပဲ အချိန်တွေကို ဖြုန်းကြရင်း ဆင်းရဲသူမရှိတော့တဲ့ ရည်ရွယ်ချက်ကို မရောက်နိုင်ကြဘူးလို့ ဆရာကြီးဒေါက်တာအောင်ထွန်းသက်က ပြောဖူးပါတယ်။ နည်းစနစ်ပေါင်းစုံ (Means) တွေထဲမှာ တဝဲလည်လည်ဖြစ်နေကြရာက ရောက်ရမယ့်ပန်းတိုင်(End) ကို မရောက်နိုင်ကြရှာဘူးလို့ ဆရာကြီးက ပြောပါတယ်။

ဒီတော့ စျေးကွက်စီးပွားရေးစနစ် အောင်မြင်ဖို့ မဖြစ်မနေ လိုအပ်တာလေးတွေကို သိထားသင့်ပါတယ်။ နေသန်ကီးဖစ်ဇ် (Nathan Keyfitz )နဲ့ ရောဘတ်ဒေါ့ဖ်မန် (Robert Dorfman) တို့ရဲ့ စျေးကွက်စီးပွားရေးအောင်မြင်ဖို့ အခြေခံအချက် ၁၄ ချက်ဆိုတာ ရှိပါတယ်။ ဒီအချက်တွေကို အခြေခံပြီး ကျွန်တော်တို့နိုင်ငံရဲ့ စျေးကွက်စီးပွားရေးစနစ်ကို အောင်မြင်အောင် ဆောင်ရွက်သင့်ပါတယ်။

၁။ ယုံကြည်မှု (Trust – in Banks, Insurance Companies, Suppliers, Etc.)

စီးပွားရေးစျေးကွက်ထဲမှာ ယုံကြည်မှုဆိုတာကို တည်ဆောက်ထားနိုင်ရပါမယ်။ အထူးသဖြင့် စျေးကွက်စီးပွားရေးကို မဖြစ်မနေ အထောက်အပံ့ဖြစ်စေတဲ့ ဘဏ်တွေ၊ အာမခံလုပ်ငန်းတွေ၊ ပစ္စည်းသွင်းသူတွေ စသဖြင့် အခြေခံအားဖြင့် ယုံကြည်မှု ရှိသင့်တဲ့ အဖွဲ့အစည်းတွေအပေါ်မှာ ယုံကြည်မှု ရှိကြရမှာ ဖြစ်ပါတယ်။ ယုံကြဟေ့လို့ နှုတ်နဲ့ပဲ ပြောနေလို့တော့ မရပါဘူး။ ဒီအဖွဲ့အစည်းတွေကို ယုံကြည်ထိုက်အောင် စည်းမျဉ်းစည်းကမ်းနဲ့ အလုပ်လုပ်စေရမယ်။ အရည်အသွေးကို ကြီးကြပ်စစ်ဆေးပေးနေရမယ်။ ဥပဒေကို မချိုးဖောက်နိုင်အောင် သက်ဆိုင်ရာအဖွဲ့အစည်းတွေက ကြပ်မတ်ပေးရပါမယ်။

၂။ အမိန့်ဥပဒေတည်မြဲမှု (Law & Order – enforcement of contracts)

အရာရာဟာ တရားဥပဒေအတိုင်းပဲ ဖြစ်ရမယ်။ ဥပဒေရဲ့ အာဏာတည်ရမယ်။ တရားဥပဒေဟာ နယ်ပယ်တိုင်းမှာ စိုးမိုးရမယ်။ လူပုဂ္ဂိုလ်တိုင်းဟာ ဥပဒေရဲ့ စောင့်ရှောက်မှုကို တန်းတူ ခံစားခွင့် ရှိရပါမယ်။ အစိုးရနှင့် ပုဂ္ဂလိကကြား၊ ပုဂ္ဂလိကအချင်းချင်းကြားတို့မှာ တစ်စုံတစ်ရာ အငြင်းပွားမှုရှိလာခဲ့ရင် ဥပဒေဟာ တစ်မျိုးတည်းဖြစ်ရမှာ ဖြစ်သလို၊ တရားမျှတတဲ့ ဆုံးဖြတ်ချက်တွေကို ပေးနိုင်ရပါမယ်။

၃။ ပိုင်ဆိုင်မှုဆိုင်ရာလုံခြုံရေးအာမခံမှု (Security of persons and of property)

ခေတ်အဆက်ဆက်ရှိခဲ့တဲ့ စိုးရိမ်ကြောင့်ကြမှုတွေကို ငြိမ်းအေးအောင် ဆောင်ရွက်ပေးရပါမယ်။ လူပုဂ္ဂိုလ်တစ်ဦးချင်းကို ဥပဒေအကာအကွယ်နဲ့ လုံခြုံမှုပေးနိုင်ရမျာဖြစ်သလို၊ ပုဂ္ဂလိက ပိုင်ဆိုင်မှုတွေကိုလည်း တရားသဖြင့် ကာကွယ်ပေးပါမယ်လို့ အစိုးရကအာမခံရပါမယ်။ လယ်သိမ်းမြေသိမ်းတွေ လုပ်ချင်သလို လုပ်လို့ မရသလို၊ သိမ်းဆည်းခံတွေအတွက် ဥပဒေအတိုင်း ပြန်လည်တောင်းဆိုခွင့် ရှိရပါမယ် ဒီလိုပဲ အများသုံးနေတဲ့ ပိုက်ဆံကို စက္ကူဖြစ်အောင်ဖျက်သိမ်းတာမျိုး မလုပ်ရပါဘူး။

၄။ အများပူးပေါင်းပါဝင်စေမှု (Balancing competition with cooperation – for a safe workplace and a cleaner environment)

အလုပ်သမားလည်းမထိခိုက်၊ ပတ်ဝန်းကျင်လည်း မညစ်နွမ်းအောင် လုပ်ငန်းတွေကို ဆောင်ရွက်စေရပါမယ်။ ပြိုင်ဆိုင်မှုကို မျှတအောင် ဆောင်ရွက်ရာမှာလည်း ပူးပေါင်းပါဝင်လာစိတ်ရှိအောင် ဆွဲဆာင် စည်းရုံးရမယ်။ အမြတ်ရဖို့ ဘာမဆိုလုပ်မယ်ဆိုတဲ့သူတွေအတွက် လိုအပ်မယ့် စည်းကမ်းသတ်မှတ်ချက်တွေကို ကြိုတင် ထုတ်ပြန်ထားရပါမယ်။

၅။ လုပ်ပိုင်ခွင့်အာဏာခွဲဝေကျင့်သုံးမှု (Division of responsibility and diffusion of power – an independent judiciary)

တစ်သွေးတစ်သံ တစ်မိန့်ခေတ်မဟုတ်တော့ဘူးဆိုတာကို လက်တွေ့ကျင့်သုံးပြကြရပါမယ်။ အမှုတစ်ခုမှာ အမိန့်ချဖို့ အထက်ညွှန်ကြားချက်စောင့်ရတဲ့ တရားရေးစနစ်မျိုးတွေ ပြန်မဖြစ်အောင် ပြုလုပ်ကြရပါမယ်။ ဒီလိုပဲ ဌာနအားလုံးဟာ ဥပဒေနဲ့အညီ ကိုယ့်အလုပ်ကိုယ်လုပ်နိုင်စေဖို့ ဖန်တီးပေးထားရပါမယ်။

၆။ အများအကျိုးကိုဦးစားပေးမှု (Community altruism – a social ‘safety net’ for the impaired, chronically unemployed, elderly, etc.)

ဗြဟ္မစိုရ်တရား ထွန်းကားဖို့ ကြံဆကြရမယ်။ လူတိုင်း လူလို နေခွင့်ရဖို့ စီမံပေးရမယ်။ လူတွေကို လူတွေက လူလို ဆက်ဆံတတ်စေဖို့ ပညာပေးရလိမ့်မယ်။ ဒီလိုပဲ ကျန်းမာရေးစောင့်ရှောက်မှုအာမခံစနစ်တွေ၊ အလုပ်လက်မဲ့လျော့ပေါ့ရေးတွေ၊ သက်ကြီးရွယ်အို စောင့်ရှောက်မှုတွေ၊ မိဘမဲ့ကလေးပြုစုပျိုးထောင်မှုတွေနဲ့ မသန်စွမ်းသူများကို ပံ့ပိုးမှုတွေကို အစီအမံတွေချပြီး ဆောင်ရွက်ကြရပါမယ်။

၇။ ရွေးချယ်ခွင့်နှင့် ယှဉ်ပြိုင်ခွင့် (Social mobility, legitimation of ambition, and toleration of competitiveness)

မျှတတဲ့ အရွေ့တွေဟာ လူတန်းစားတိုင်းမှာ ရှိနေရပါမယ်။ ဖြစ်ချင်တာကို လူတိုင်း ဖြစ်ခွင့်ရှိရမယ်။ နိုင်ငံသားတစ်ယောက်ကို သမ္မတဖြစ်ခွင့်မရှိရအောင် ကန့်သတ်ထားတာမျိုးတွေကို မပြုလုပ်တဲ့ ဝန်းကျင်ဖြစ်အောင် လေ့ကျင့်ပျိုးထောင်ကြရမယ်။ လူမျိုးအရ၊ ကိုးကွယ်ရာဘာသာအရ၊ အသားအရောင်အရ၊ အသွင်အပြင်အရ ခွဲခြားမှုတွေ မဖြစ်ဘဲ တန်းတူရေးကို ဦးတည်ကြရပါမယ်။

၈။ ပြည့်စုံကြွယ်ဝစေမှု (Materialistic values as a stimulus to greater production)

ဓနကို ရှာဖွေခြင်းဟာ အပြစ်မဟုတ်ပါဘူး။ ချမ်းသာခြင်းဟာ ဂုဏ်ကျက်သရေလို့တောင် တရုတ်နိုင်ငံရဲ့ ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန်က ဆိုခဲ့ဖူးပါတယ်။ ကုန်ထုတ်လုပ်မှုကို တိုးလုပ်ကြ။ ဝင်ငွေတိုးရှာကြဆိုတာမျိုး တွန်းအားပေးရမယ်။ တရားမျှတစွာ စီးပွားရှာတာဟာ ကောင်းမွန်တဲ့လုပ်ရပ်ဖြစ်တယ်ဆိုတာ လူတိုင်းက နားလည်လက်ခံလာအောင် ကြိုးစားကြရပါမယ်။

၉။ စုဆောင်းခြင်းကိုအားပေးမှု ( Deferring gratification to generate private saving)

ချွေတာစုဆောင်းသူဌေးလောင်းဆိုတာမျိုး လမ်းညွှန်ကြရမယ်။ စုတတ်ဆောင်းတတ်အောင် သင်ပေးရမယ်။ စုနိုင်ဆောင်းနိုင်အောင် အခွင့်အလန်းတွေ ပွင့်လန်းနေရပါမယ်။ တစ်ခါက ဆောင်ပုဒ်လေးတွေ ဖြစ်ခဲ့ဖူးတဲ့ ပါတီကြွေးကြော်သံ တစ်ခု ရှိခဲ့ဖူးသလိုပေါ့။ စုနိုင်မှ ချမ်းသာမယ်ဆိုတာမျိုးပါ။

၁၀။ အတွေးအခေါ်လွတ်လပ်စေမှု (Rationality unconstrained by tradition)

ဆင်ခြင်တုံတရားကို ထိုက်သင့်သလောက် ရှိစေရမယ်။ ငါ့ဥစ္စာ ငါ့သဘော။ ငါလုပ်သမျှ တင့်တယ်တယ်ဆိုတာ မမှန်ဘူး။ ဆင်ခြင်တုံတရားနဲ့ လွတ်လပ်ပွင့်လင်းမှု ရှိလာအောင် ဖန်တီးပေးရမယ်။

၁၁။ အစိုးရ၏ရိုးသားမှု (Honesty in government)

အစိုးရမင်းများ ရိုးသားရမယ်။ ငါပြောလိုက်တာ ဒီကောင်တွေ လည်သွားပြီ၊ ငါတို့ မှားထားတာတွေ မသိကြတော့ဘူးဆိုတာမျိုး မဖြစ်သင့်ဘူး။ မှားရင် မှားတယ်။ မှန်ရင် မှန်တယ် ရိုးရိုးသားသား ပြောဆိုရပါမယ်။ ဒီလိုပဲ တာဝန်ပေါ့လျော့လည်း ကျန်းမာရေးအရ အနားယူခွင့် ပြုတယ်။ အပြစ်တစ်ခုခုရှိနေလည်း ၄င်း၏ ဆန္ဒအရနှုတ်ထွက်ခွင့်ပြုတယ်ဆိုတာမျိုးတွေအစား ရိုးသားစွာ ထုတ်ဖော်ပြောရဲရပါမယ်။ ရိုးသားစွာ ဆောင်ရွက်ရပါမယ်။

၁၂။ ယှဉ်ပြိုင်ခွင့်ရှိစေမှု (Efficient forms of competition, as opposed to monopolistic control)

လက်ဝါးကြီးမအုပ်နိုင်အောင် ယှဉ်ပြိုင်ခွင့်ကို နယ်ပယ်ချဲ့ထွင်ပေးရမယ်။ မျှမျှတတ ရှိစေရမယ်။ အစွန်းမရောက်ဖို့တော့ လိုပါတယ်။ လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ကို တန်ဖိုးထားလို့ ဘဏ်လိုင်စင်တွေကို စည်ဘီယာဆိုင်ဖွင့်ခွင့်ပြုသလို ပေးပစ်မယ်ဆိုတာမျိုးကလည်း သိပ်တော့ မဟုတ်ပြန်ပါဘူး။

၁၃။ သတင်းလွတ်လပ်ခွင့် (Freedom of information – along with protection of privacy)

သိသင့်တာကို လူတိုင်း သိခွင့်ရှိရမယ်။ တစ်ဦးတစ်ယောက်ရဲ့ ပုဂ္ဂိုလ်ရေးမဟုတ်ရင် သတင်းအချက်အလက်တွေကို လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့် ရှိရမယ်။ ရေးသားသူကိုရော ရေးသားခံရသူကိုရော ဥပဒေအရ အကာအကွယ် ပေးရမယ်။

၁၄။ သတင်းစီးဆင်းခွင့် (Flows of information without restrictions or favoritism)

အရင်ခေတ်က ရှိခဲ့ဖူးတဲ့ စာပေစိစစ်ရေးဆိုတာမျိုး မရှိသင့်သလို၊ အရင်ခေတ်က ရှိခဲ့ဖူးတဲ့ တစ်စုံတစ်ယောက် တစ်သင်းတစ်ဖွဲ့ရဲ့ ကျောထောက်နောက်ခံ မီဒီယာပဲ ရေးခွင့်ရတဲ့ သတင်းဆိုတာမျိုးလည်း မရှိသင့်ဘူး။ အဲဒီလိုပဲ ရေးချင်တာရေး နေတဲ့ စည်းလွတ်ဘောင်လွတ် အဝါရောင်ဆန်တဲ့ စာနယ်ဇင်းတွေကို အားပေးအားမြှောက်လုပ်နေသူတွေကိုလည်း ဥပဒေနဲ့အညီ တားမြစ်ပေးရမယ်။ အစိုးရမူဝါဒနဲ့ဆိုင်တဲ့ သတင်းအချက်အလက်တွေ၊ စီးပွားရေးအပေါ်သက်ရောက်မှုရှိနိုင်တဲ့ သတင်းအချက်အလက်တွေကို ခိုင်မာသေချာတဲ့ လမ်းကြောင်းကနေလည်း ထုတ်ပြန်ပေးနေရပါမယ်။

(Ref: Economic Development by Michael P. Todaro and Stephen C. Smith)