ခေါင်းဆောင်မှုအဆင့် ငါးဆင့်

မနက်က တီဗွီမှာ ဆရာကြီးဒေါက်တာအောင်ထွန်းသက်နဲ့ ဦးကိုကို(ကိုကို-စက်မှုတက္ကသိုလ်)တို့ရဲ့ Ideas ဆိုတဲ့ အစီအစဉ်လေးတစ်ခု လာနေတာ ကြည့်လိုက်ရတယ်။ အရင်က မကြည့်ဖူးဘူး။ ဦးကိုကိုဘာသာပြန်တဲ့ စာအုပ်က ဆရာကြီးရေးထားတဲ့ အမှာစာမှာတော့ ဒီအစီအစဉ်ကို ဆရာကြီးတို့နှစ်ယောက်လုပ်နေတယ်လို့ ဖတ်ဖူးတယ်။ ဘာတွေလွှင့်နေမှန်း မသိခဲ့ဘူး။


ဆရာကြီးတို့နှစ်ယောက်က ခေါင်းဆောင်မှုပညာအကြောင်း စာအုပ်တွေအများကြီးရေးခဲ့တဲ့ ကမ္ဘာကျော်အမေရိကန်စာရေးဆရာ၊ အောင်မြင်ရေးတရားဟောသူ၊ သင်းအုပ်ဘုန်းကြီး ဂျွန်မက်စ်ဝဲလ် ခေါ် ဂျွန်ကယ်လ်ဗင်မက်စ်ဝဲလ်(John C. Maxwell) ရဲ့ စာအုပ်တစ်အုပ်ဖြစ်တဲ့ ခေါင်းဆောင်မှုအဆင့်ငါးဆင့် (The Five Levels of Leadership) အကြောင်းကို ဆွေးနွေးနေကြတာကို နားထောင်လိုက်ရပါတယ်။


ခေါင်းဆောင်မှုအဆင့်ငါးဆင့် ရှိပါသတဲ့။ အဲဒါကို P ငါးလုံး၊ R ငါးလုံးနဲ့တွဲပြီး ရှင်းပြထားပါတယ်။


၁။ ပထမ P က Position တဲ့။ ခေါင်းဆောင်စဖြစ်တဲ့အဆင့်။ ရာထူးနေရာတစ်ခု ရှိတဲ့အဆင့်တဲ့။ ရာထူးနေရာလေး တစ်ခုရှိတော့ အာဏာပါဝါလေးလည်း နည်းနည်းရှိတာပေါ့။ ရာထူးနေရာကြီးကြီးဆိုရင် အာဏာပါဝါကလည်း အကြီးကြီးရှိနေတာပေါ့။ အဲဒါတွေ ဘာမှမရှိရင် ကိုယ့်နောက်လိုက်မယ့် နောက်လိုက်လည်း မရှိဘူးလေ။ ဒီတော့ အရင်ဆုံး ရာထူးနေရာတစ်ခု ရှိဖို့ ကြိုးစားကြရမယ့်သဘောပဲ။ အဲဒီလို နေရာတစ်ခုရှိနေပြီ။ နေရာတစ်ခုကို ရောက်နေပြီဆိုရင် လုပ်ပိုင်ခွင့်တွေ ရှိလာမယ်။ အဲဒါကို R နဲ့ ဖော်ပြတယ်။ Rights တဲ့။ အဲဒီလို ပထမ P အဆင့်ကို ရောက်နေတဲ့လူတွေဟာ နောက်ထပ် P အဆင့်တွေကို ဆက်တက်နိုင်အောင် ကြိုးစားကြရပါမယ်။ အများစုကတော့ အဲဒီ ပထမအဆင့်ဖြစ်တဲ့ ရာထူးတစ်ခု ရတာနဲ့ပဲ သူတို့ဘာသာ ကျေနပ်ပြီး ရှေ့ဆက်နိုင်တဲ့ အရည်အချင်းတွေ မပြနိုင်ကြဘူးတဲ့။ ပထမအဆင့်ဖြစ်တဲ့ ရာထူးအာဏာလေး ရှိနေပြီဆိုရင် ကိုယ့်နောက်ကနေ လိုက်ရတဲ့လူတွေ ရှိလာလိမ့်မယ်လို့ ဆိုပါတယ်။ ကိုယ့်ညွှန်ကြားမှုအောက်မှာ လိုက်လုပ်ရသူတွေ ရှိလာတဲ့သဘောဖြစ်သလို၊ ကိုယ့်ရာထူးကြောင့် အလိုအလျောက် နောက်ကနေလိုက်ပေးရတဲ့ လူတွေ ရှိလာတဲ့ သဘောပါပဲ။


၂။ ဒုတိယ P က Permission တဲ့။ ရာထူးရှိလို့တင်မဟုတ်ဘဲ ကိုယ်က အရည်အချင်းတွေ ပြနိုင်လာမယ်ဆိုရင် လူတွေက ကိုယ့်နောက်လိုက်တယ်ဆိုတာ ရာထူးကြောင့် လိုက်ကြရတာ မဟုတ်တော့ဘဲ သူတို့စိတ်ထဲကနေကို လိုလိုလားလား ခေါင်းဆောင်တင်ပြီး လိုက်လာကြတဲ့ အဆင့်ပါတဲ့။ အဲဒီအတွက် နောက်ထပ် R တစ်လုံးက Relationships ဆိုတဲ့ ဆက်ဆံရေးပါတဲ့။ ကောင်းမွန်တဲ့ ဆက်ဆံရေးကို တည်ဆောက်ထားနိုင်ရင် ဒုတိယအဆင့် ခေါင်းဆောင်ဖြစ်ပြီ။ လူတွေကို ကိုယ့်ဦးဆောင်မှုနောက်ကနေ လိုက်ချင်လို့ကို လိုက်တယ်ဆိုပြီး ဖြစ်လာကြမယ်။ ဒီနေရာမှာ ဆက်ဆံရေးဆိုတာကို အလုပ်သဘောဆက်ဆံရေးနဲ့ ပုဂ္ဂလိကဆက်ဆံရေးနှစ်မျိုးမှာ အလုပ်သဘောဆက်ဆံရေးကို ပိုပြီး တည်ဆောက်ရမယ်။ သူ့ရဲ့ ပုဂ္ဂလခံစားချက်တွေကို သိအောင်လုပ်။ ဒါပေမယ့် သူ့ရဲ့ ပုဂ္ဂိုလ်ရေးတွေကို ဝင်မစွက်မိအောင် သတိထားပါတဲ့။


၃။ တတိယ P က Production တဲ့။ ခေါင်းဆောင်ဆိုတာ လေနဲ့ ခေါင်းဆောင်လို့မရဘူး။ အလုပ်လုပ်ပြနိုင်ရမယ်။ အလုပ်ဖြစ်အောင် ဦးဆောင်ပြနိုင်ရမယ်။ အဲဒီလို အလုပ်ဖြစ်အောင် ဦးဆောင်နိုင်တယ်ဆိုတာကို နောက်ထပ် R တစ်လုံးဖြစ်တဲ့ Results ဆိုတဲ့ ရလာဒ်တွေ ပြနိုင်ရပါမယ်။ လူတွေက ကိုယ့်ခေါင်းဆောင်မှုနောက်က လိုက်တယ်ဆိုတာ ကိုယ်က ဘယ်လိုဦးဆောင်ပြီး ဘယ်လိုရလာဒ်တွေရအောင် လုပ်ပြလိုက်တာကို မြင်လို့သိလို့ ဖြစ်ရပါမယ်။ ရလာဒ်မပြနိုင်တဲ့ ခေါင်းဆောင်ဆိုတာ ရေရှည်မှာ တည်မြဲဖို့ ခက်လှပါတယ်။


၄။ စတုတ္ထ P ကတော့ People Development ပါတဲ့။ လူတွေကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးနိုင်ရမယ်။ ဒီထက်ပိုပြောရရင် ကိုယ့်လိုမျိုး ကိုယ်ပွားခေါင်းဆောင်တွေ မွေးထုတ်ပေးနိုင်ရမယ်။ လေ့ကျင့်ပေးရမယ်။ သင်ကြားပေးရမယ်။ လူတွေက ကိုယ့်နောက်လိုက်တယ်ဆိုတာ သူတို့အတွက် ကိုယ်က ဘာတွေ လုပ်ပေးနေတယ်ဆိုတာကို သိလို့ လိုက်ကြတာဖြစ်စေရပါမယ်။ ကိုယ့်လို ခေါင်းဆောင်မှုကောင်းတဲ့လူတွေ များများ မွေးထုတ်ပေးနိုင်ရမယ်တဲ့။ ဒါကြောင့် နောက်ထပ် R က Reproduction ဆိုတဲ့ မွေးထုတ်ပေးခြင်းပါပဲ။ ခေါင်းဆောင်ကောင်းဆိုတာ နောက်လိုက်တွေပဲ မွေးထုတ်နေလို့မရဘူး။ ကိုယ့်လိုမျိုး ခေါင်းဆောင်တွေကို မွေးထုတ်ပေးနိုင်မှသာ အောင်မြင်တဲ့ ခေါင်းဆောင်ဖြစ်လာမှာပါ။


၅။ ပဉ္စမ P က Pinnacle တဲ့။ အထွတ်အထိပ်။ တောင်ရဲ့အမြင့်ဆုံးထိပ် ဆိုတာမျိုးပါ။ ခေါင်းဆောင်မှုရဲ့ အမြင့်ဆုံးအဆင့်ဖြစ်ပါတယ်။ ခေါင်းဆောင်အဖြစ် သြဇာတစ်ရပ်ကို တည်ထောင်လိုက်နိုင်တဲ့အဆင့်ဖြစ်သလို အဲဒီသြဇာကြောင့်ပဲ လူတွေက ကိုယ့်နောက်ကနေ လိုက်ကြတာဖြစ်ပါတယ်။ လေးစားလို့ ကိုယ့်နောက်ကလိုက်တယ်။ ကြည်ညိုလို့ ကိုယ့်နောက်က လိုက်ကြတယ်။ ဒါကြောင့် နောက်ဆုံး R က Respect ဖြစ်ပါတယ်။ အဲဒီလို လေးစားမှုရှိတယ်ဆိုတာမှာလည်း တခြားလူတွေက ကိုယ့်ကိုလေးစားတာထက် ကိုယ့်ကိုယ်ကိုပြန်ပြီး လေးစားနိုင်တဲ့သူ ဖြစ်ဖို့ အရေးကြီးလှပါတယ်။ သူများက လေးစားပါတယ်ဆိုတာ အကြောင်း အကုန်မသိသေးလို့ ဖြစ်နိုင်တယ်လေ။ ကိုယ့်ကိုယ်ကိုယ် လေးစားဖို့ဆိုတာကတော့ အတော်ကို ခက်တဲ့အခြေအနေပါပဲ။ အကောင်းအဆိုး အမြဲရောနေတဲ့ လူ့ဘဝ။ မကောင်းမှုမှာပဲ မွေ့ပျော်တတ်တဲ့လူ့စိတ်လို့ ဘုရားဟောထားတဲ့ ကိုယ့်ရဲ့ မကောင်းမှုအပေါ် သာယာတတ်တဲ့ စိတ်။ အဲဒီ ဘဝနဲ့ စိတ်ကို ကိုယ့်ဘာသာ ထိန်းကျောင်းပြုပြင်ပြီး ဒီအဆင့် ဒီနေရာကို အရောက်တက်လာခဲ့တဲ့သူ။ လူအများကတင်မကဘဲ ကိုယ်တိုင်ကပါ ကိုယ့်ကိုယ်ကို လေးစားနိုင်တဲ့သူ။ ရိုးသားစွာ ကိုယ့်ကိုယ်ကို ခွင့်လွှတ်နိုင်တဲ့သူ။ အဲဒီလို ခေါင်းဆောင်က ခေါင်းဆောင်အားလုံးထဲမှာ အမြင့်ဆုံး ခေါင်းဆောင်ဖြစ်တယ်။


ဒီ ခေါင်းဆောင်မှု အဆင့် ၅ ဆင့်ဟာ အဆင့်ကျော်လို့ မရဘူးတဲ့။ တစ်ဆင့်ပြီးမှ တစ်ဆင့်ကို တက်လှမ်းနိုင်ကြတယ်။ မိုးပေါ်ကကျလာသလို တန်းပြီး အမြင့်ဆုံးကို မရောက်နိုင်ပါဘူးတဲ့။
၁။ ရာထူးရမယ်။ Position ။ အဲဒီမှာ ရတဲ့ လုပ်ပိုင်ခွင့် Rights တွေကို ထိထိရောက်ရောက် မှန်မှန်ကန်ကနု် အသုံးချပါ။
၂။ အများကကြည်ဖြူမယ်။ Permission ။ ကိုယ့်ရဲ့ခေါင်းဆောင်မှုဆိုတာကို အများက လက်ခံလိုက်နာကြမယ်။ အများနဲ့ကြားက ဆက်ဆံရေး Relationships တွေကို တည်ဆောက်ပါ။
၃။ အလုပ်ဖြစ်အောင်လုပ်ပြပါ။ Production ။ ကိုယ်ဟာ ဒီရောကို အလကားရောက်နေတယ်ဆိုတာ မဟုတ်ကြောင်း ရလာဒ်ကောင်း Results တွေ ဖန်တီးပြပါ။
၄။ လူတွေကိုဖွံ့ဖြိုးတိုးတက်အောင်လုပ်ပေးပါ။ People Development ။ ခေါင်းဆောင်ကောင်းတွေ။ အထူးသဖြင့် ကိုယ်နဲ့တူတဲ့ ကိုယ်ပွားခေါင်းဆောင်တွေထွက်ပေါ်လာအောင် လေ့ကျင့်မွေးမြူခြင်း Reproduction လုပ်ပါ။
၅။ အဆင့်အမြင့်ဆုံးလူသားဖြစ်အောင် ဆောင်ရွက်ပါ။ Pinnacle ။ လေးစားစရာလူ။ အများကလေးစားတဲ့လူ။ ကိုယ့်ကိုယ်ကိုလေးစားတဲ့ Respect တွေ ရအောင် တည်ဆောက်ကျင့်ကြံရပါမယ်။


ဒါလေးတွေ သိခွင့်ရလိုက်တဲ့အတွက် ဆရာကြီးဒေါက်တာအောင်ထွန်းသက်နဲ့ ဆရာဦးကိုကို(ကိုကို-စက်မှုတက္ကသိုလ်)တို့ကို ကျေးဇူးတင်မိပါတယ်။