ကျွန်တော်နှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (၁)

Me&NLD-01

၂၀၁၂ ခုနှစ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မြို့နယ်အမှုဆောင်တစ်ဦးဟာ ကျွန်တော့်ရုံးခန်းကို ရောက်လာခဲ့ပါတယ်။ စမ်းချောင်းမြို့နယ် ဒုဥက္ကဋ္ဌလို့ မိတ်ဆက်ပါတယ်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တည်ထောင်ထားတဲ့ ပညာရေးကွန်ရက် ရံပုံငွေစတိတ်ရှိုးတစ်ခုကို အိုင်စီ (Iron Cross) တီးဝိုင်းနဲ့ ပြုလုပ်ချင်လို့ပါတဲ့။ ကျွန်တော်က အိုင်စီအဖွဲ့ကို တာဝန်ယူထားရတယ်လို့ ကြားသိရတဲ့အတွက် လာတွေ့တာလို့ဆိုပါတယ်။


အဲဒီတုန်းက အေဂျီဒီဘဏ်မှာ ကျွန်တော်က မန်နေဂျင်းဒါရိုက်တာပါ။ ကုမ္ပဏီအစုအဖွဲ့ကြီးမှာ အလုပ်လုပ်နေတာဖြစ်တဲ့အတွက် မတူညီတဲ့ လုပ်ငန်းတွေကို တပြိုင်တည်း ကျွန်တော်စီမံအုပ်ချုပ်နေရချိန်လည်း ဖြစ်ပါတယ်။


အက်ဖ်အမ်ရေဒီယို၊ ပန်းဥယျာဉ်၊ တိရိစ္ဆာန်ရုံများ၊ ဆန်အထူးပြုကုမ္ပဏီ၊ သစ်ခွတစ်သျှူးကာချာကုမ္ပဏီ၊ ဖောင်ဒေးရှင်းနဲ့ ဂီတဖျော်ဖြေရေးလုပ်ငန်းတွေလို အမျိုးမျိုးသော လုပ်ငန်းတွေကို ပူတာအို၊ ဟားခါး၊ မကွေး၊ မေမြို့၊ မန္တလေး၊ နေပြည်တော်၊ ရန်ကုန်နဲ့ ဘိုကလေးဆိုပြီး ဒေသစုံမှာ လှည့်လည် လုပ်ကိုင်နေခဲ့ရပါတယ်။


လူတွေ၊ ငွေကြေးတွေ၊ အလုပ်တွေနဲ့ ပြဿနာတွေကို နေ့ရောညပါ ကြုံတွေ့စီမံနေရင်း မြန်မာနိုင်ငံဘဏ်များအသင်းနဲ့ မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်တို့မှာလည်း ပါဝင်ဆောင်ရွက်နေချိန်ဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လာတွေ့ချိန်က ကျွန်တော်တာဝန်ယူထားတာတွေ များလွန်းတဲ့ အတွက် အိုင်စီကို ကျွန်တော်မကိုင်တော့ဘဲ တခြားတစ်ယောက်ကို လွှဲပြီးခါစ ဖြစ်ပါတယ်။
ဒါပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတာနဲ့တင် ဖြစ်အောင်ကူညီမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ တာဝန်ရှိသူတွေနဲ့ ချိတ်ဆက်ပေးခဲ့တယ်။ ရံပုံငွေစတိတ်ရှိုးလည်း လုံလောက်တဲ့ အလှူငွေနဲ့ အဆင်ပြေသွားခဲ့တယ်။


အန်တီကိုယ်တိုင်အခမ်းအနားကိုတက်ရောက်ပြီး အလှူငွေလက်ခံပေးခဲ့ပါတယ်။ ပညာရေးကွန်ရက်ရဲ့ အောင်မြင်မှုမှတ်တိုင်တစ်ခုပါပဲ။


အဲဒီကစလို့ ကျွန်တော်လည်း ပါတီဝင်တချို့နဲ့ စတင်ရင်းနှီးခဲ့ပါတယ်။

ဦးဘိုဘိုဦး(ဒုဥက္ကဋ္ဌ၊ စမ်းချောင်းမြို့နယ်) (ယခု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
ဦးဖြိုးမင်းသိန်း(ဥက္ကဋ္ဌ၊ လှည်းကူးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) (ယခုဝန်ကြီးချုပ်)
ဦးဘမျိုးသိန်း (ဥက္ကဋ္ဌ၊ အနောက်ပိုင်းခရိုင်) (ယခု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)
ဒေါက်တာမျိုးအောင် (ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) (ယခုနေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်မြို့တော်ဝန်)
ဦးမြင့်ဌေး (ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ဦးထွန်းမြင့် (အတွင်းရေးမှူး၊ ရန်ကုန်တိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) (ယခု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
ဦးဇေယျာသော် (ယခုပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)


အဲဒီကာလက မှတ်မှတ်ရရ ဆုံဖြစ်ခဲ့သူတွေ ဖြစ်ပါတယ်။