အဲဒီနေ့က ပါတီရုံးချုပ်ကို အလှူငွေပေးဖို့ ကျွန်တော်ရောက်နေခဲ့ပါတယ်။ အရင်ရုံးဟောင်းပဲ ရှိပါသေးတယ်။ အပေါ်ထပ်ကို တက်ခွင့်မရသေးဘဲ အောက်ထပ်မှာ ခဏ ထိုင်စောင့်နေရပါတယ်။
လူတွေက သူတို့ဖာသာသူတို့ ဝင်လာလိုက်ကြ၊ ထွက်သွားလိုက်ကြနဲ့ အတော်ကို ရှုပ်ရှက်ခတ်နေတာပါပဲ။ လည်ကတုံးဝတ်ထားပေမယ့် ကျွန်တော့်ပုံစံက ပါတီနဲ့တော့ တစ်သားတည်း ဖြစ်ပုံမပေါ်ပါဘူး။ လူတိုင်းက သေချာကြည့်သွားကြတယ်။
ပါတီရုံးချုပ်မှာ အခမ်းအနားတစ်ခု ပြုလုပ်ဖို့ ရှိပါတယ်။ ဒီအတွက်လည်း လူတွေ အဝင်အထွက် များနေပုံရပါတယ်။ အဲဒီအခမ်းအနားမှာ အန်တီက မိန့်ခွန်းပြောမှာဖြစ်ပါတယ်။
အဲဒီကာလက ပါတီရုံးချုပ်လေးက သေးတော့ လူအများကြီးမဆန့်တဲ့အတွက် ပါတီဝင်တွေက အန်တီပြောတာကို လမ်းပေါ်ကနေ နားထောင်ကြရပါမယ်။ LED ဘုတ်ထောင်ပြီး ပြနိုင်တော့ အန်တီ့အသံတင်မဟုတ် အရုပ်ကိုပါ အပြင်ကလူတွေက မြင်ခွင့်ရကြပါမယ်။
ခက်နေတာက LED ဘုတ်ငှားခ ဘယ်သူပေးမှာလဲ ဆိုတာပါ။ ဒါကို ကျွန်တော့်သင်တန်းက ပါတီဝင်တစ်ယောက်က ပြောတဲ့အတွက် ကျွန်တော့် မိတ်ဆွေတစ်ယောက်က လှူပါတယ်။ ဆယ့်လေးသိန်းလား ဆယ့်ငါးသိန်းလားပါပဲ။ ကျွန်တော်မမှတ်မိတော့ဘူး။ (ငါးသိန်းပါတဲ့။ အမှားပြင်လိုက်ပါတယ်) ကျွန်တော်က သူ့ကိုယ်စား အလှူငွေ လာပေးရတာ ဖြစ်ပါတယ်။
ကျွန်တော့်သင်တန်းဆိုတာက အဲဒီအချိန်မှာ ပါတီအနောက်ပိုင်းခရိုင်ကို ကျွန်တော်က ရုံးလုပ်ငန်းစီမံခန့်ခွဲမှုသင်တန်း ပေးနေတာဖြစ်ပါတယ်။ ပထမဆုံးပါတီကို သင်တန်းပေးနေချိန်ဖြစ်ပါတယ်။ နောင်တော့ တစ်နိုင်ငံလုံးအနှံ့ သင်တန်းတွေ ဆက်ပေးဖြစ်ပါတယ်။ ခုထိလည်း အချိန်ရရင် ပေးနေတုန်းပါပဲ။
ခဏနေတော့ အပေါ်ထပ်ကို တက်လို့ရပြီလို့ လာခေါ်ပါတယ်၊ ကျွန်တော်ထင်တာက ငွေစာရင်းကိုင်တဲ့ ပါတီဝင်တစ်ယောက်က လက်ခံမယ်။ အလှူငွေရရှိကြောင်း ဖြတ်ပိုင်း ဒါမှမဟုတ်လည်း ဂုဏ်ပြုလွှာပေးမယ်ပေါ့။ အပေါ်ထပ်ရောက်တော့ ပါတီလူကြီးတွေ အများကြီးတွေ့ရပြီး သူတို့ရှေ့မှာပဲ ဘဘဦးတင်ဦးက အလှူငွေ လက်ခံပါတယ်။
ဘဘဦးတင်ဦးကို သတင်းမီဒီယာတွေထဲမှာပဲ တွေ့ဖူးခဲ့ပါတယ်။ ခုလိုတွေ့ရတော့ အတော်ဝမ်းသာမိပါတယ်။ စကားပြောခွင့်ရတော့ မှတ်သားစရာလည်း ရမှာပဲလို့ မျှော်လင့်ထားတယ်။ အလှူငွေ လာပေးတာဆိုတော့ ဘဘက ကျေးဇူးတင်စကား ပြောမှာ သေချာနေတယ်။ အဲဒီအခါကျရင် ဘာတွေ ပြန်ပြောရမလဲလို့ စဉ်းစားနေမိတယ်။
ဘဘက ကျွန်တော့်လက်ထဲက အလှူငွေကို လက်ခံပြီးတဲ့နောက်မှာ ကျွန်တော့်ကို သေသေချာချာကြည့်ပြီး ပြောပါတယ်။
“ခုလို လာလှူတာ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ဘာမှတော့ ပြန်လုပ်မပေးနိုင်ဘူး။”
ကျွန်တော်မှန်းထားသလိုပါပဲ။ ကျေးဇူးတင်ကြောင်း ပြောတယ်။ ဆက်ပြောလိုက်တဲ့ ဘာမှ ပြန်လုပ်မပေးနိုင်ဘူးဆိုတာကြီးကို အဓိပ္ပါယ်ဖေါ်ရင်း ရုတ်တရက် ပြန်ပြောစရာ စကားမရှိဘူး ဖြစ်သွားတယ်။
အတွေးထဲဝင်လာတာက ကျွန်တော်အလုပ်လုပ်နေတဲ့ ကုမ္ပဏီကြီးရဲ့ နာမည်ကြောင့် ဒီလိုပြောတာ ဖြစ်မယ်ဆိုတဲ့ သုံးသပ်ချက်ပေါ့။ ဒါနဲ့ပဲ ဘဘ ကျွန်တော့်ကို ဘာမှ ပြန်လုပ်ပေးစရာ မလိုကြောင်းနဲ့ အလှူရှင်ကလည်း စိတ်ပြတ်ပြတ်ရှင်းရှင်းနဲ့ လှူတာဖြစ်ကြောင်း။ အလှူရှင်က နဂိုကတည်းက အန်အယ်လ်ဒီနဲ့ အန်တီ့ကို ထောက်ခံသူဖြစ်ကြောင်းနဲ့ ကျွန်တော်က သူ့ကိုယ်စားလာလှူတာပါလို့ ရှင်းပြဖြစ်တယ်။
ပါတီနဲ့ ဘဘရဲ့ ရပ်တည်ချက်ကို နဖူးတွေ့ ဒူးတွေ့ကြုံပြီးတဲ့နောက်မှာ အလှူငွေတွေနဲ့ အလှူရှင်တွေကို ပါတီက တိတိကျကျ ဆက်ဆံတာကို ပိုပြီး နားလည်လာပါတယ်။ လာဘ်ပေးလာဘ်ယူတွေ အသွေးထဲ အသားထဲစွဲနေပြီး DNA လို မျိုးရိုးဗီဇထဲတောင် ရောက်ကုန်ကြပြီလားလို့ ထင်မြင်နေရတဲ့ ခေတ်င်္ကြးမှာ ခုလို ပြတ်ပြတ်သားသား ရပ်တည်သင့်တယ်ဆိုတဲ့ သင်ခန်းစာကိုလည်း ရလိုက်ပါတယ်။
နောက်ပိုင်း ပါတီရုံးချုပ်တည်ဆောက်ရေးကော်မတီရဲ့ အစည်းအဝေးတွေမှာ ကော်မတီဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ဘဘနဲ့ ကော်မတီဝင် ကျွန်တော်တို့ဟာ မကြာခဏဆုံခွင့်ရခဲ့သလို ၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် စည်းရုံးလှုံ့ဆော်ကြတဲ့ အချိန်မှာလည်း ဘဘက ဗဟိုအောင်နိုင်ရေးဥက္ကဋ္ဌဖြစ်ပြီး ကျွန်တော်က ရန်ကုန်တိုင်းအောင်နိုင်ရေးအဖွဲ့ဝင် ဖြစ်တဲ့အတွက်လည်း တွေ့ဆုံခွင့်တွေရတယ်။ စကားပြောခွင့် ဘဘ ပြောတာတွေ နားထောင်ခွင့်လည်း ရခဲ့ပါတယ်။
ဘဘရဲ့ တိုင်းပြည်ချစ်စိတ်နဲ့ ပါတီပေါ်မှာ သစ္စာရှိစိတ်တွေကို သတိမထားဘဲ မနေနိုင်ပါဘူး။ အရင်က အကြောင်းတွေကို ပြန်ပြောရင် ဘဘက အတော်ကို တက်တက်ကြွကြွနဲ့ ရှည်ရှည် ပြောတတ်ပါတယ်။ သူနဲ့ ဦးနေဝင်းအကြောင်းတွေဆိုလည်း အာဃာတ မပါဘဲနဲ့ ပြောပြတတ်တာကို သတိပြုမိပါတယ်။
ဘဘက တွေ့တိုင်း ကျွန်တော့်ကို သေသေချာချာ နှုတ်ဆက်လေ့ရှိပါတယ်။ အသက်အရွယ်က မြေးအဖိုးလောက်ပေမယ့် ကျွန်တော်တို့အရွယ်တွေကို လေးလေးစားစား ဆက်ဆံလေ့ရှိပါတယ်။ နေမကောင်းဖြစ်ပြီးနောက် ဝှီးချဲနဲ့ တစ်ခါတလေ ရုံးလာချိန်မှာတောင် တွေ့ရင် မှတ်မိကြောင်းပြပြီး သေသေချာချာ ပြန်နှုတ်ဆက်လေ့ ရှိပါတယ်။
မှတ်မိသေးတာ တစ်ခုက ၂၀၁၅ ရွေးကောက်ပွဲပြီးတော့ အနိုင်ရကိုယ်စားလှယ်တွေကို ပါတီလူကြီးတွေက တွေ့ဆုံမှာကြားတဲ့ ပွဲမှာပါ။ ဘဘက အရင်ရောက်လာပြီး အန်တီမရောက်လာသေးလို့ ခန်းမ အဝအထိ ထွက်စောင့်ကြိုတာကို သတိထားမိသလို၊ အဲဒီနေ့က လူများတဲ့အတွက် အခမ်းအနားက နှစ်ကြိမ် ခွဲလုပ်ပြီး၊ ဒုတိယအခမ်းအနားမှာ အန်တီက ခန်းမထဲ အရင်ရောက်နေတာမှာ ဘဘက နောက်ကျ ဝင်လာချိန် အန်တီက ချက်ချင်းမတ်တပ်ရပ်ပြီး ဘဘ ကို အရိုအသေပေး ကြိုဆိုတာကိုလည်း သတိထားလိုက်မိပါတယ်။
ဘဘနဲ့ အန်တီ့ကြားမှာရှိတဲ့ အပြန်အလှန်လေးစားမှုနဲ့ မေတ္တာတရားကို မျက်မြင်ကြုံခဲ့ရတာဖြစ်ပါတယ်။ လေးစားစရာ ကောင်းသလို အင်မတန်လည်း နွေးထွေးလှပါတယ်။
ဒီလိုမျိုး ပုဂ္ဂိုလ်ကြီးတွေရဲ့ လက်အောက်မှာ အလုပ်လုပ်ခွင့်ရနေတာကို ကျွန်တော်တော့ အများကြီး ဂုဏ်ယူမိပါတယ်။ ကိုယ့်စိတ်ထဲမှာ မာန်မာနတွေ မဖြစ်ပေါ်လာစေဖို့အတွက်လည်း အမြဲတမ်း စံနမူနာအဖြစ် အတုယူပါတယ်။